နေပြည်တော် ၊ မေလ(၁၃) ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်သော ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီး နှင့် ပြည်နယ် ကြက်တောင်ပြိုင်ပွဲကို ယနေ့နံနက်(၉:ဝဝ)နာရီအချိန်မှ စတင်ပြီး နောက်ဆုံးနေ့ ဗိုလ်လုပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲအခမ်းအနားကို ပြိုင်ပွဲများအပြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါက်တာစမ်းမောင်မောင်၊ အဖွဲ့ဝင် ဒေါက်တာကျော်ငွေနှင့် အဖွဲ့ဝင် ဒေါက်တာလင်းဝေဖြိုးလတ်၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ပိုင်နှင့် အမှုဆောင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ယနေ့ နောက်ဆုံးနေ့ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ (၃-၁) ဖြင့်လည်းကောင်း၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းမှ (၃-၁)ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသွားကြောင်း သိရှိရပါသည်။
ပြိုင်ပွဲအပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရှမ်းပြည်နယ်အသင်းအား အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှဆိုင်ရာကော်မတီ အတွင်းရေးမှူးဒေါက်တာစမ်းမောင်မောင်မှလည်းကောင်း၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား အဖွဲ့ဝင် ဒေါက်တာကျော်ငွေမှလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့အား အဖွဲ့ဝင် ဒေါက်တာလင်းဝေဖြိုးလတ်မှ လည်းကောင်း၊ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းအား မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဌဦးအောင်ပိုင်မှလည်းကောင်း၊ ဒုတိယဆုရရှိသော ရှမ်းပြည်နယ်အသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသော ဧရာဝတီ တိုင်းဒေသကြီးအသင်း နှင့်ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား ကြက်တောင်အဖွဲ့ချုပ်မှ အမှုဆောင်ဦးဝင်းထွဋ်နှင့် အတွင်းရေးမှူး ဦးဉာဏ်လွင်တို့မှလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အကောင်းဆုံး အမျိုးသမီးအားကစားသမားဆုရရှိသော ရှမ်းပြည်နယ်အသင်းမှ မခိုင်သဉ္ဇာနှင့် အကောင်းဆုံး အမျိုးသားအားကစားသမားဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းမှ မောင်ဇော်လင်းထူးတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ဆက်လက်၍ အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသော ရှမ်းပြည်နယ်အသင်းအား အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှလည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဆု ဖလားရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။