skip to content

ရန်ကုန်၊ မေလ(၉)ရက်။

၂ဝ၁၉ခုနှစ်၊ ပထမအကြိမ် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌဖလား မိုးရာသီတံခွန်စိုက် မြန်မာ့ရိုးရာခြင်းလုံးဝိုင်းဖွဲ့အမှတ်ခတ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂတောင်ညွွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်းရှိ မိုးလုံလေလုံအားကစားရုံတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် ခရိုင်မြို့နယ်အရာရှိများ၊ မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်နာယကများ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဦးသက်လွင်၊ ဒုတိယဥက္ကဌများနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် အုပ်ချုပ်သူ၊ နည်းပြ ၊ ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ကြသည်။

  

ရှေးဦးစွာ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးသက်လွင် က အဖွင့်အမှာ စကားပြောကြားရာတွင် ကျွန်တော်ဦးဆောင်တဲ့ အဖွဲ့ချုပ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂ဝ၁၉ခုနှစ်၊ မေလ (၁၅)ရက်နေ့မှာ ခန့်အပ်တာဝန်ပေးခဲ့ရာ ကျွန်တော်အနေနဲ့ ယခင်ကလည်း ၂ဝဝ၄ခုနှစ်မှ ၂ဝဝ၉ခုနှစ်အထိ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ရာ မြန်မာ့ခြင်းလုံးလောကအကြောင်းကို သိရှိကျွမ်းဝင်ပြီးသူဖြစ်ပါကြောင်း၊ ရိုးရာခြင်းလုံးအားကစားနည်း တိုးတက်အောင်ဆောင်ရွက်ရာတွင် ''အများပြည်လုံး- တစ်ပြုံးပြုံး- ခြင်းလုံးခတ်ခါ - ကစားပါ ''ဆိုသည့်ဆောင်ပုဒ်အတိုင်း လှည့်နေလှေအောင်း မြင်းဆောင်း မကျန် တစ်တိုင်းပြည်လုံး ခြင်းလုံး ခတ်ကစားနိုင်အောင် စေတနာ ဝါသနာ အနှစ်နာ ဆိုတဲ့ နာသုံးနာနဲ့ လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်ကလည်း ရိုးရာခြင်းလုံး ခတ်ကစားကြောင်း သိရှိရတဲ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ရိုးရာခြင်းလုံး တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန် လမ်းညွှန်မိန့်ကြားထားတဲ့အတွက် ယခုလို ပထမခြေလှမ်းအဖြစ် စတင်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရဲ့ညွှန်ကြားချက်အရ ပညာရေးဝန်ကြီးဌာန နှင့် ညှိနှိုင်းပြီး တိုင်းပြည်ရဲ့ အနာဂတ်ပိုင်ရှင်များဖြစ်တဲ့ ကျောင်းသားလူငယ်ထုကိုလည်း ရိုးရာခြင်းလုံးဖြင့် စည်းရုံးပြီးကျောင်းပေါင်းစုံပြိုင်ပွဲများ ဆောင်ရွက်ပေးရန်စီစဉ်ထားပါသဖြင့် ထို့အတူပင် တက္ကသိုလ်ကောလိပ်ပေါင်းစုံနှင့် တံခွန်စိုက်ပြိုင်ပွဲများ၊ မြို့နယ်ခြင်းရုံနှင့်ကလပ်ပေါင်းစုံပြိုင်ပွဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်နှင့် တပ်မတော်ကြည်း၊ရေ၊လေပြိုင်ပွဲများ၊ ပြက္ခဒိန်ရာသီအလိုက်စသည့် ပွဲစဉ်များကိုလည်း ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

 

 

ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး တက်ရောက်လာကြသည့်တာဝန်ရှိပုဂ္ဂိုလ်များက ပြိုင်ပွဲဝင်အသင်းများ လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲကို (၁ဝ)ပေါက်တန်း၊ (၆)ပေါက်တန်း၊ (၄)ပေါက်တန်း၊ အမျိုးသမီး (၄)ပေါက်တန်းပြိုင်ပွဲများဖြစ်ရာ ပြိုင်ပွဲဝင်အသင်းပေါင်း (၃၈)သင်း ၊ အားကစားသမားစုစုပေါင်း (၃၈ဝ)ဦး တို့ဝင်ရောက်ယှဉ်ပြိုင်ပြီး ဇူလိုင်လ(၉)ရက်နေ့မှ (၁၄)ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ (၅)နာရီအထိ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆိုအခမဲ့ဝင်ရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သတင်းရရှိသည်။


back to top Eng