ရန်ကုန်၊ ဇွန်လ( ၅ )ရက်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ မက္ကာအိုမြို့တွင် ဇွန်လ(၇)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ၂ဝ၁၉ခုနှစ်၊ မက္ကာအိုအပြည်ပြည်ဆိုင်ရာ နဂါးလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့ရိုးရာလှေလှော်အားကစားအဖွဲ့သည် မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမျိုးဆွေသိန်း ဦးဆောင်ကာ အုပ်ချုပ်သူ ဦးသက်လွင်၊ နည်းပြ ဦးဝင်းဖေ၊ ဒေါ်အေးအေးခိုင်(စကားပြန်)နှင့် ကစားသမား(၂၄)ဦးတို့သည် ယနေ့နံနက်(၈)နာရီခွဲက ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ထွက်ခွာသွားရာ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း၊ ဒုတိယဥက္ကဌ ဦးထွန်းဦးနှင့် အလုပ်အမှုဆောင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်အနေဖြင့် ယခုပြိုင်ပွဲတွင် အသင်းပေါင်း(၁၃)သင်း ပါဝင်မှာဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးရိုးရာလှေလှော်အသင်းသည် မီတာ (၅ဝဝ) တက်(၂ဝ)ပြိုင်ပွဲ တစ်မျိုးတည်းသာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးရိုးရာလှေလှော်အသင်းကို မျိုးဆက်သစ်ကစားသမား ထက်ဝက်နီးပါးခန့် ထည့်သွင်းဖွဲ့စည်းပြီး မအူပင်(၅)ခရိုင်ပြိုင်ပွဲ၊ အာဆီယံတက္ကသိုလ်ပေါင်းစုံ ပြိုင်ပွဲနဲ့ အားကစားသိပ္ပံကျောင်းပေါင်းစုံ ပြိုင်ပွဲတွေကနေ မျိုးဆက်သစ်ကစားသမားများ ပါဝင်ခဲ့ပါသည်။
မြန်မာအသင်းအနေဖြင့် ကိုယ်ထက်အားသာတဲ့အသင်းတွေနဲ့ ယှဉ်ပြိုင်မှသာ ကိုယ်ရဲ့ စံချိန်အရည်အသွေးတွေကို အမှန်အတိုင်းသိနိုင်မှာဖြစ်ပြီး မြန်မာ့လက်ရွေးစင်ရိုးရာလှေလှော် အသင်းကို ပြောင်းလဲလာသည့် နည်းစနစ်အသစ်များဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိရာ အသားမကျသေးသော်လည်း တိုးတက်မှုများရှိနေပြီး မက္ကာအိုပြိုင်ပွဲကို အကဲစမ်း ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်းဖြင့် အဖွဲ့ချုပ်ဥက္ကဌဦးသောင်းထိုက်မင်းက ပြောကြားသည်။
မက္ကာအိုဖိတ်ခေါ် နဂါးလှေလှော်ပြိုင်ပွဲတွင် ပထမဆု အတွက်မေရိကန်ဒေါ်လာ (၁ဝဝဝဝ) ၊ ဒုတိယဆုအတွက် မေရိကန်ဒေါ်လာ(၅ဝဝဝ)၊ တတိယဆုအတွက် မေရိကန်ဒေါ်လာ (၃ဝဝဝ) အသီးသီး ချီးမြှင့်မည်ဖြစ်ကြောင်းသိရှိရသည်။