ရန်ကုန်၊ ဇွန်လ(၁၁)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သော တိုင်းဒေသကြီးနှင့်ပြည်နယ် အဆင့် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးနည်းပြ/ဒိုင်(မွမ်းမံ)နှင့် ၂ဝ၁၉ခုနှစ်၊ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေး နည်းပြ/ဒိုင်(မွမ်းမံ) နှင့် Myanmar Fitness Dance သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်းသင်တန်း ခန်းမ၌ ကျင်းပရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ နာယကနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်လေးနှင့်အမှုဆောင်များ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားဆပ်ကော်မတီမှ နာယက ၊ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တက်ရောက်လာကြသော သင်တန်းသူများက အဖွဲ့လိုက် ဂါရဝပြုမိတ်ဆက်ပေးပြီး မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဌဒေါ်ခင်လေးက အဖွင့်အမှာစကားပြောကြားရာတွင် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးနည်းပြ/ဒိုင်(မွမ်းမံ)နှင့် ၂ဝ၁၉ခုနှစ်၊ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေး နည်းပြ/ဒိုင်(မွမ်းမံ) နှင့် Myanmar Fitness Dance သင်တန်းကို နိုင်ငံတော်ရဲ့ ဦးတည်ချက် တစ်ရပ်ဖြစ်တဲ့ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေးမြင့်မားရေးဆိုတဲ့ အမျိုးသားရေး ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသမီးထု ကျန်းမာကြံ့ခိုင်၍ စွမ်းရည်တိုးတက်မြင့်မားရေးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးအစီအစဉ်အရ ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရုံသာမက စိတ်ကျန်းမာရေး ကောင်းမွန်စေပြီး ရောဂါကင်းဝေးစေရေး၊ စွမ်းဆောင်ရည် မြင့်မားရေး၊ စုပေါင်းလုပ်ဆောင်မှု တိုးတက်စေရေး၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် ကျန်းမာရေးကို အထောက်အကူပြုသည့်အတွက် အများပြည်သူတစ်ရပ်လုံး သိရှိနားလည်ပြီး ကိုယ်တိုင် ကိုယ်လက်လှုပ်ရှားမှု အစီအစဉ်များ၌ ပါဝင်ဆောင်ရွက်စေရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ခဲ့ကြသည်။
ယခုသင်တန်းအား တိုင်းဒေသကြီးနှင့်ပြည်နယ်မှ သင်တန်းသူ(၆၁)ဦးတက်ရောက်ကာ ဇွန်လ(၂ဝ)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။