နေပြည်တော်၊ ဖေဖေါ်ဝါရီလ(၄)။
၂ဝ၁၉ ခုနှစ်၊ ကမ္ဘာ့ကင်ဆာရောဂါနေ့ အထိမ်းအမှတ် ကင်ဆာရောဂါဆိုင်ရာ အသိပညာမြှင့်တင်ရေးနှင့် စုပေါင်းကိုယ်လက်လှုပ်ရှားမှုအခမ်းအနားကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစား(B)ရုံ၌ နံနက်(၈:၁၅)အချိန်တွင် ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးမြသန်းထိုက်၊ ကုသရေးဦးစီးဌာနနေပြည်တော် ကုတင်(၁ဝဝဝ) ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာပပနှင့် ကင်ဆာရောဂါ အထူးကု ဆရာဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှုထမ်း/ အရာထမ်းများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြား ရာတွင် ယနေ့ ဖေဖော်ဝါရီလ (၄)ရက်နေ့သည် (World Cancer Day 2019-2021) ကမ္ဘာ့ကင်ဆာရောဂါနေ့ ဖြစ်ပါကြောင်း၊ ကင်ဆာရောဂါကို ဘယ်လိုကာကွယ်ရမည်၊ ဘယ်လိုကုသရမည့် အကြောင်းကို ၂ဝဝ၈ ခုနှစ်မှာ စတင်၍ ပြဌာန်းခဲ့ကြောင်း၊ အရင်ဆုံး ကင်ဆာရောဂါနဲ့ ပတ်သက်သည့် ကြိုတင်ကာကွယ်မှုများ၊ ကင်ဆာရောဂါကြောင့် သေဆုံးမှုလျော့ကျစေရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်စဉ်ကမ္ဘာ့လူဦးရေ (၉.၆)%ခန့် ကင်ဆာရောဂါကြောင့် သေဆုံးလျက်ရှိပါကြောင်း၊ ကင်ဆာရောဂါစောစီးစွာ တွေ့ရှိရေးအကြောင်း သိအောင်လေ့လာရမည်ဖြစ်ပါကြောင်း၊ ကင်ဆာဖြစ်နိုင်ချေလျှော့ချရန် အဓိကအချက်(၂)ချက်ဖြစ်သော နေ့စဉ် နာရီဝက်ခန့် ပုံမှန်လမ်းလျှောက်စေလိုကြောင်းနှင့် စိတ်ဖိစီးမှုများလျှော့ချရန်လိုအပ်ကြောင်း၊ ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်း၏ ဆိုသော ဆိုရိုးစကားနှင့်အညီ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်းအားဖြင့် စိတ်ဖိစီးမှုများကို လျော့ကျစေပြီး ကင်ဆာရောဂါ ဖြစ်နိုင်ချေကိုပါ လျော့ကျစေမည်ဖြစ်ပါကြောင်း၊ မိမိလေ့လာသိရှိပြီး မိမိချစ်ခင်တဲ့သူ/ မိမိ၏ မိသားစုတွေကို ကာကွယ်လာနိုင်မည်ဖြစ်ကြောင်းနှင့် ကမ္ဘာမှာရှိတဲ့ လူသားများအားလုံး ကင်ဆာရောဂါမဖြစ်အောင် ဘယ်လိုကာကွယ် ကုသရမည်ဆိုတာ သိပ္ပံပညာရှင်များ ရှာဖွေ နေကြောင်းနှင့် ယခုပြုလုပ်သည့် အခမ်းအနားကို အင်တိုက်အားတိုက် တက်ရောက်လာကြ သူများအား ကျေးဇူးအထူးတင်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ နေပြည်တော် ကုတင်(၁ဝဝဝ)ပြည်သူ့ဆေးရုံကြီးမှ ကင်ဆာရောဂါ ဆေးပညာ အထူးကုဆရာဝန် ဒေါက်တာခင်ခင်နွယ်မှ ကင်ဆာရောဂါဆိုင်ရာများကို အသိပညာပေး ပြောကြားရာတွင် မြန်မာနိုင်ငံမှာ ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းသည် ယခင်ကထက် များပြား လာကြောင်း၊ အမျိုးသားတွေမှာ ကွမ်းစားခြင်းကြောင့်ဖြစ်သောခံတွင်းကင်ဆာနှင့် အဆုတ်ကင်ဆာ၊ ဦးခေါင်းကင်ဆာ ဖြစ်ပွားမှုဟာ အများဆုံးဖြစ်နေသလို အမျိုးသမီးတွေမှာ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာတွေ အများဆုံးဖြစ်ပွားနေကြောင်း၊ အကြိတ်ဖြစ်လျင် ဆေးရုံ/ဆေးခန်း ပြသင့်ကြောင်း၊ ဆေးမြီးတိုများနှင့် မကုသသင့်ကြောင်း၊ ကင်ဆာရောဂါနှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်မှုများ၊ ကင်ဆာရောဂါစောစီးစွာ တွေ့ရှိရေးနှင့် ကင်ဆာရောဂါ ကုသပျောက်ကင်းရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
ဆက်လက်၍ ၂ဝ၁၉ ခုနှစ်၊ ကမ္ဘာ့ကင်ဆာရောဂါနေ့ အထိမ်းအမှတ်အဖြစ် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက Physical Fitness Dance အကဖြင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ ကြောင်း သတင်းရရှိပါသည်။