skip to content

နေပြည်တော်၊ ဖေဖေါ်ဝါရီလ(၂၈)ရက်။           

အမျိုးသားအားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် အောင်မြင်မှုများ ယခုထက်ပိုမိုရရှိစေရန်အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန် အပြည့်ရှိပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမား လူငယ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေး၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ နွေရာသီ အားလပ်ရက်များတွင် အခြေခံ အားကစားသင်တန်းများကို တက်ရောက်ခြင်းဖြင့် အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂ဝ၁၉ခုနှစ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား(B)ရုံ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊  အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူမျာ၊ သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများနှင့် တာဝန်ခံဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက် ကြပါသည်။

 

ရှေးဦးစွာ နွေရာသီသင်တန်း တက်ရောက်မည့် သင်တန်းသား/သင်တန်းသူများမှ အားကစားနည်းအလိုက် ကွင်းအတွင်း ဝင်ရောက် နေရာယူကြပြီးနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်မျိုးဆက်သစ်များ အနေနှင့် နွေရာသီကျောင်းပိတ်ရက်များမှာ အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်စေရေး၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာမှာပါ တိုးတက်ပြီး ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်လာစေရန် စည်းရုံးဆောင်ရွက်ရေး (Mass Sports) ၊ ထူးချွန်ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆာင် အားကစားသမားများမွေးထုတ်ပေးရေး (Excellent Sports) ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အဆင့်မြင့်မားစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှမှသည် အာရှ၊ အာရှအဆင့်မှသည် ကမ္ဘာ့အဆင့်အထိ တက်လှမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရေးဟူသော မူဝါဒ(၄)ရပ်ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သော နွေရာသီအခြေခံ အားကစားသင်တန်းများတွင် အားကစားအဖွဲ့ချုပ်များက ကျွမ်းကျင်သော နည်းပြများနှင့် လေ့ကျင့်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေနှင့် သက်ဆိုင်ရာ အားကစားနည်းများ အလိုက် စိတ်ပါဝင်စားစွာ သင်ယူလေ့ကျင့်ကြလျှင် အခြေခံပညာ ကျောင်းအဆင့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် အားကစား အခြေခံကောင်းများ ရရှိသွားကြမည်ဖြစ်ပါကြောင်း၊ အားကစားနည်း အမျိုးမျိုးအတွက် မျိုးဆက်သစ်များရရှိပြီး နိုင်ငံတော်အတွက် အားကိုး အားထားပြုနိုင်သော အားကစား လူရည်ချွန် လူတော်/လူကောင်းများ၊ ထူးချွန်သော မျိုးဆက်သစ် အားကစားသမားများ ဖြစ်လာအောင် ကြိုးစားကြရန် မှာကြားလိုပါကြောင်း၊ မိဘအုပ်ထိန်းသူများ အနေနှင့်လည်း မိမိတို့၏ ရင်သွေးငယ်များကို နိုင်ငံတော်အတွက် တန်ဖိုးရှိသော ပညာရေးတွင် စာတော်ပြီး အားကစားမှာလည်း ထူးချွန်သော လူချွန်/လူကောင်းများ ဖြစ်လာစေရန်အတွက် အားကစားသင်တန်းများကို အောင်မြင်စွာ တက်ရောက် သင်ကြားနိုင်ရေးကို ဝိုင်းဝန်းအားပေး ကူညီပေးစေလိုကြောင်း၊

 

ယခုသင်တန်းကနေ အသက်အရွယ်၊ အရပ်အမောင်း၊ အားကစားနည်းအပေါ် စိတ်ပါဝင်စားမှု၊ အခြေခံနည်းစနစ် ကျွမ်းကျင်မှု၊ ကြိုးစားအားထုတ်မှုရှိသော လူငယ်မောင်မယ် ကစားသမားများကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများသို့ တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများသို့ တက်ရောက်သင်ကြား ရွေးချယ်ခံရသူများဟာ နိုင်ငံတော်စရိတ်နှင့် တက်ရောက်ရတာဖြစ်သလို အားကစားနှင့်ပညာရေးကို ပူးတွဲ သင်ကြားပို့ချပေးသောကြောင့် ရွေးချယ်ခံရအောင် ကြိုးစားသင်ယူကြစေလိုပါကြောင်း ပြောကြားရင်း ၂ဝ၁၉ခုနှစ်၊ နွေရာသီအခြေခံ အားကစားသင်တန်းကို ဖွင့်လှစ်ပေးပါသည်၊

 

ယင်းနောက် အားကစားနည်းအလိုက် သင်တန်းသားများ အားကစား သစ္စာအဓိဌာန်ကို ရွတ်ဆိုကြပါသည်။ ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ နွေရာသီသင်တန်း အထောက်အကူပြု အားကစားပစ္စည်းများနှင့် ထောက်ပံ့ချီးမြှင့်ငွေများအား ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မြို့နယ် (၈)မြို့နယ်မှ ပညာရေးမှူးများနှင့် အားကစားအဖွဲ့များ၊ ဘင်ခရာအဖွဲများအား ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အားကစားနည်းအလိုက် သင်တန်းသား/ သင်တန်းသူများသည် ကွင်းအတွင်းမှ ပြန်လည် ထွက်ခွါသွားကြပါသည်။

 

ထို့နောက် အခြေခံပညာအထက်တန်းကျောင်းခွဲ သပြေကုန်း(ကျောင်းသား/ကျောင်းသူ)များမှ Fitness Dance အကဖြင့်လည်းကောင်း၊ (တိုက်ကွမ်ဒို၊ ကျွမ်းဘား၊ ဝူရှူး) အားကစာနည်းများမှ လက်ရွေးစင် အားကစားသမားများနှင့် မျိုးဆက်သစ် လူငယ်ကစားသမားများက အားကစားနည်းအလိုက် သရုပ်ပြသ တင်ဆက်ကြပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ယနေ့ ဖွင့်လှစ်သော ပြည်ထောင်စုနယ်မြေ နေပြည်တော် နွေရာသီအခြေခံအားကစားသင်တန်းကို အားကစား နည်း(၈)နည်းဖြင့် သင်ကြားပြီး သင်တန်းသား/သင်တန်းသူ (၄၇ဝဝ)ကျော်ခန့် တက်ရောက်ကြမည် ဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါ အားကစားနည်း (၈)နည်းမှာ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ ဘောလုံး၊ မြန်မာ့သိုင်း၊ ကရာတေးဒိုနှင့် ဝူရှူးတို့ဖြစ်ပြီး ဖေဖော်ဝါရီလ(၂၈)မှ မတ်လ(၁၃)ရက်နေ့အထိ (၂)ပတ်သင်တန်း ဖွင့်လှစ်မှာဖြစ်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံကျောင်းများနှင့် မြို့နယ်အားကစားကွင်းများ၌ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရှိရ ပါသည်။


back to top Eng