skip to content

နေပြည်တော်၊ မတ်လ(၁၁)ရက်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရွေးချယ်ပေးသည့် ဦးစီးအရာရှိရာထူးနှင့် အဆင့်တူရာထူးနေရာများသို့ ခန့်ထားသူများအား တွေ့ဆုံလမ်း ညွှန်မှုအခမ်းအနားအား ယနေ့နံနက်(၁ဝ) နာရီ အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊အားကစားနှင့်ကာယပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦး၊အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးသိန်းထွန်းလတ်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရာထူးဝန်မှ ရွေးချယ် ပေးထားသော ဦးစီးအရာရှိရာထူးနှင့် အဆင့်တူအရာရှိ (၂၈)ဦး တက်ရောက်ကြပါသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်အား ဦးစီးအရာရှိများမှ တစ်ဦးချင်းမိတ်ဆက် ဂါရဝပြုကြပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ တက်ရောက်လာကြသော ဦးစီးအရာရှိများအား အရာရှိသင်တန်းတွင် စာတွေ့၊ လက်တွေ့များဖြင့် သင်ကြားပို့ချပေးပြီး ဖြစ်ပါသောကြောင့် သင်ကြားထားသော ပညာရပ်များကို မိမိတို့လုပ်ငန်းနယ်ပယ်များတွင် လက်တွေ့အသုံးချပြီး မိမိတို့၏ အားကစားလောကဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေများ၊ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းများ၊ အားကစားကွင်း/ရုံများ၊ အားကစားနည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာသိရှိထားရမည်ဖြစ်ပြီး မိမိတို့တွင်ရှိသော ပင်ကိုယ်စွမ်းရည်နှင့် အရည်အချင်းကို လက်တွေ့ အသုံးချကာ မိမိတို့ ဝန်ကြီးဌာန၏ ပုံရိပ်အား မြှင့်တင်ပေးစေလိုကြောင်း၊ နိုင်ငံတကာတွင် အားကစားလောက ထိုးဖောက်ဝင်ရောက်နိုင်ရန် အတွက် English  ဘာသာစကား၊ ကွန်ပျူတာ နည်းပညာများ၊ အားကစားဆိုင်ရာနှင့် ပတ်သက်သော အကြောင်းအရာများအား အပတ်တကုပ်လေ့လာ သင်ကြားပြီး ထူးချွန်ထက်မြက်သော အရာရှိများဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသဆိုင်ရာ ပြည်သူများနှင့်အတူ ပူးပေါင်း၍ အားကစားလုပ်ငန်းများအား အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ တာဝန်ကျရာဒေသတွင် ငွေကြေးအလွဲသုံးစားမှု ကိစ္စများကို အထူးဂရုပြု ရှောင်ရှားကြစေလိုကြောင်း၊ ဝန်ထမ်း စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ မိမိတို့ လက်အောက်ရှိ ဝန်ထမ်းများအား စနစ်တကျ အုပ်ချုပ်ကွပ်ကဲရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်မှ တက်ရောက်လာကြသော ဦးစီးအရာရှိများအား တစ်ဦးချင်းစီ ခန့်အပ်အမိန့်များအား ပေးအပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
 


back to top Eng