လွိုင်ကော် ဒီဇင်ဘာလ (၈)။
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အမျိုးသားအားကစား လှုပ်ရှားမှုကို တစ်နိုင်ငံလုံး တစ်မျိုးသားလုံး စိတ်ပါဝင်စားစွာဖြင့် ပါဝင်လှုပ်ရှားကြစေရေးအတွက် အဆင့်ဆင့်နှစ်အလိုက် စည်းရုံးလှုံ့ဆော် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ပြည်သူများကျန်းမာကြံ့ခိုင်ရေးအထောက်အကူဖြစ်စေရန်၊ အားကစားကိုစိတ်ပါဝင်စားစွာဖြင့် လေ့လာလိုက်စားလာစေရန် ရည်ရွယ်လျက် လူထုစုပေါင်း လမ်းလျှောက်ပွဲများကျင်းပခြင်း၊ အားကစားပြိုင်ပွဲများကျင်းပပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့နံနက် (၅:၃၀) အချိန်တွင် လွိုင်ကော်မြို့ နာရီစင်စုရပ်မှ စတင်၍ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါလမ်းလျှောက်ပွဲသို့ ကယားပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးတင်မြင့်၊ ကယားပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဦးတီရယ် ၊ ဗမာ့တိုင်းရင်းသားရေးရာဝန်ကြီးဌာနဝန်ကြီး ဦးလှမျိုးဆွေ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးအောင်မောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ တိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား(၁၃၅၀၀)ကျော် ပျော်ရွှင်စွာပါဝင်ဆင်နွဲ လမ်းလျောက်ခဲ့ကြသည်။
ရှေးဦးစွာ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကယားပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးတင်မြင့်မှ သေနတ်ပစ်ဖောက်၍ စတင်လမ်းလျှာက်ခဲ့ရာ နာရီစင်မှတစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်လွှတ်တော်ရုံး ရှေ့လမ်းမကြီးအတိုင်း၊ ထိုမှတစ်ဆင့် (၉)လမ်း၊ နောင်ယားလမ်း၊ ခရိုင်ဝန်လမ်းတို့ကိုဖြတ်၍ ကျောက်သားရင်ပြင်သို့ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ထို့နောက် ကျောက်သားရင်ပြင်တွင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းအတွဲအမှတ်(၁) နှင့် (၂)၊ ဇွန်ဘာအားကစားလေ့ကျင့်ခြင်းတို့ကို တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပါဝင်ဆင်နွဲခဲ့ကြသည့် ပြည်သူလူထုနှင့်ကျောင်းသူကျောင်းသားများအား ဇွန်ဘာလေ့ကျင့် ခြင်းကို စနစ်တကျ ပြုလုပ်နိုင်ရေးအတွက် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)မှ ကျောင်းသူကျောင်းသားများနှင့် နည်းပြများမှ လေ့ကျင့်သင်ကြားပေးခဲ့ကြသည်။
ဆက်လက်၍ ပါဝင်ဆင်နွဲခဲ့ကြသူများအား စက်ဘီးအပါအဝင် ဆုမဲ(၃၀)အား မဲဖောက်ချီးမြှင့်ပေးခဲ့ပြီးနောက် ရိုးရာအားကစားနည်းဖြစ်သော ခေါင်းအုံးရိုက်ပြိုင်ပွဲ ၊ လွန်ဆွဲပြိုင်ပွဲ နှင့် ထုပ်ဆီးတိုးပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့သည်။
အဆိုပါ ၂၀၁၈ခုနှစ်၊ ကယားပြည်နယ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို လွိုင်ကော်မြို့တွင် ကျင်းပခဲ့သည့်နည်းတူ ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် လည်းကောင်း ၊ ဖရူဆိုမြို့နယ်တွင်လည်းကောင်း၊ ရှားတောမြို့နယ်တွင်လည်းကောင်း၊ ဘောလခဲခရိုင် ဘောလခဲမြို့နယ်တွင်လည်းကောင်း၊ ဖါးဆောင်းမြို့နယ်တွင်လည်းကောင်း၊မယ်စဲ့မြို့နယ်တွင်လည်းကောင်း၊လူထုစုပေါင်းလမ်းလျှောက်ပွဲများကို တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပခဲ့ပါသည်။