skip to content
 
 
နေပြည်တော်၊ ဒီဇင်ဘာ (၁)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် Myan Shwe Pyi Tractors Limited နှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့်  (၆၀)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်ဆုဖလား စက်ဘီးပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီမှစတင်၍ နေပြည်တော် ၀ဏ္ဏသိဒ္ဓိစက်ဘီးလေ့ကျင့်ရေးကွင်းပတ်လမ်းတွင်ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌများနှင့်တာ၀န်ရှိသူများ၊ ဂျပန်နိုင်ငံမှ Mr.Kazuyuki Ichihara နှင့် ပြိုင်ပွဲ၀င်အားကစားသမားများ တက်ရောက်ကြပါသည်။
 
 
ရှေးဦးစွာ အမျိုးသားအသင်းလိုက်(၇၅)ကီလိုမီတာပြိုင်ပွဲကို ၀ဏ္ဏသိဒ္ဓိစက်ဘီးလေ့ကျင့်ရေး ကွင်းပတ်လမ်းတွင်ကျင်းပပြုလုပ်ရာ ကလပ်အသင်း(၄)သင်း ၀င်ရောက်ယှဉ်ပြိုင်ကြပြီးTRINX Team မှစံချိန်(၁:၄၈.၀၃.၅၄)ဖြင့် ပထမ၊  Team Mandalay  မှ စံချိန်(၁:၅၁.၅၅.၀၂)ဖြင့် ဒုတိယ၊ RIDER မှ စံချိန် (၁:၅၅.၃၂.၉၄)ဖြင့် တတိယဖြင့် အသီးသီးအနိုင်ရရှိသွားပါသည်။
 
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ BMX စက်ဘီးစီးပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိသွားသော ဇာနည်နှင့် တာဝေးစက်ဘီးပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆုရရှိသွားသော ကျော်ထွန်းဦးတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊ BMX အလွတ်တန်းပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂျပန်နိုင်ငံမှ Mr.Kazuyuki Ichihara မှလည်းကောင်း၊ BMX လူသစ်တန်းပြိုင်ပွဲတွင်ဆုရရှိကြသူများအား မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမြတ်သူမှလည်းကောင်း၊ အမျိုးသားတစ်ဦးချင်းစံချိန်ပြု အလွတ်တန်းပြိုင်ပွဲတွင်ဆုရရှိသူများအား အားကစားနှင့်ကာယပညာဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ လည်းကောင်း၊ အမျိုးသားတစ်ဦးချင်းစံချိန်ပြု လူသစ်တန် ပြိုင်ပွဲတွင် ဆုရရှိကြသူများအား အားကစားနှင့်ကာယပညာဦးစီးဌာန   ညွှန်ကြားရေးမှူး ဦးဌေးအောင်မှလည်းကောင်း၊ အမျိုးသားအလွတ်တန်း(၁၅၄)ကီလိုမီတာ တဝေးပြိုင်ပွဲတွင် ဆုရရှိကြသူများအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းသန့်နှင့် ဦးမောင်မောင်စိုးမှလည်းကောင်း၊ အမျိုးသားအလွတ်တန်း(၇၅)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိကြသူများအား မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဦးအောင်၀င်းထွန်းမှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
  
 
ဆက်လက်၍ အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသွားသော ပထမ Giant Team ၊ ဒုတိယ Team Mandalay ၊ တတိယ TRINX Team တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
ဆက်လက်၍ ကိုရီးယားနိုင်ငံတွင် ဖွင့်လှစ်သင်ကြားသော စက်ဘီးနည်းပြ အဆင့်(၁)သင်တန်းတွင်အောင်မြင်ခဲ့သော ဇာနည်နှင့် စိုးသန့်တို့အား ညွှန်ကြားရေးမှူးချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ဂျပန်နိုင်ငံ Mr.Kazuyuki Ichihara (Red Zone Co.,Ltd)မှ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်သို့ စက်ဘီး(၅)စီးပေးအပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်မှ ဂုဏ်ပြုတံဆိပ်နှင့် မှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

back to top Eng