နေပြည်တော်၊ ဒီဇင်ဘာ (၁၀)ရက်။
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၈ခုနှစ် ၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များအားကစားပြိုင်ပွဲကို ယနေ့နံနက် (၉:၀၀) နာရီအချိန်မှစ၍ နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်ရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၊ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်း၀င်းနှင့် တာ၀န်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် နှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဝူရှူးအားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးသစ္စာ၊ ဖိတ်ကြားထားသော ဧည့်သည့်တော်များနှင့် အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ပါသည်။
ပထမဦးစွာ နံနက်ပိုင်းတွင် ၀ဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသော ဝူရှူးအားကစားပြိုင်ပွဲ (ဆန်းဆို၊ ထောက်လု) ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အမျိုးသားထောက်လုTaijiquan+ Taijijian ပြိုင်ပွဲတွင် ငြိမ်းချမ်းကိုကို (မြန်မာ)မှ (၂)ရက်ပေါင်းရမှတ် ၁၉.၂၂ ဖြင့် ပထမ၊ ခန့်မင်းထက်(မြန်မာ)မှ (၂)ရက်ပေါင်းရမှတ် ၁၉.၁၀ဖြင့် ဒုတိယ၊ Bobie Valentinus Gunawan (အင်ဒိုနီးရှား)မှ (၂)ရက်ပေါင်းရမှတ် ၁၉.၀၉ဖြင့် တတိယကို လည်းကောင်း၊ အမျိုးသား(၅၆)ကီလိုတန်း ဆန်းဆိုအတိုက်ပြိုင်ပွဲတွင် နိုင်းတန်(မြန်မာ)မှ ရွှေတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသမီး ထောက်လုTaijijian ပြိုင်ပွဲတွင် မြတ်နိုးအိမ် (မြန်မာ)မှ ရမှတ်၉.၆၀မှတ်ဖြင့် ပထမ၊ Chan Lu Yi (မလေးရှား)မှ ရမှတ် ၉.၅၄မှတ်ဖြင့် ဒုတိယ၊ ဠနမေ ွှညေ ့ညေ ငြညါ (စင်ကာပူ)မှ ရမှတ် ၉.၅၃မှတ်ဖြင့် တတိယကိုလည်းကောင်း အသီးသီးရရှိခဲ့ပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာ၀န်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ခြင်းလုံးအားကစားရုံတွင် ကျင်းပသော ရိုးရာခြင်းလုံးပြိုင်ပွဲ Event(1) ပြိုင်ပွဲ ပွဲစဉ်များကို အာဆီယံအသင်းများဖြစ်ကြသော မြန်မာ၊ ထိုင်း၊ မလေး၊ လာအို အသင်း (၄)သင်းဖြင့် ယှဉ်ပြိုင်ကြရာရမှတ် (၃၀၅)မှတ်ဖြင့် ထိုင်းအသင်းမှ ပထမ၊ ရမှတ်(၂၀၉) မှတ် ဖြင့် မလေးရှားအသင်းမှ ဒုတိယ၊ ရမှတ် (၂၀၄)မှတ်ဖြင့် မြန်မာအသင်းမှ တတိယဖြင့် အသီးသီးရရှိခဲ့ပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ တာ၀န်ရှိသူများမှ ဆုရရှိသော အားကစားသမားများအား ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲများကို သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံ အသီးသီးတို့တွင် ဆက်လက်ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရှိရပါသည်။ယနေ့ကျင်းပပြုလုပ်သော အမျိုးသားထောက်လုTaijiquan+ Taijijian ပြိုင်ပွဲတွင် ငြိမ်းချမ်းကိုကို (မြန်မာ)၊ ဆန်းဆိုပြိုင်ပွဲတွင် နိုင်းတန်(မြန်မာ)၊ အမျိုးသမီးထောက်လုTaijijian ပြိုင်ပွဲတွင် မြတ်နိုးအိမ်(မြန်မာ)တို့မှ ရွှေတံဆိပ်(၃)ခုကိုလည်းကောင်း၊ အမျိုးသားထောက်လုTaijiquan+ Taijijian ပြိုင်ပွဲတွင် ခန့်မင်းထက်(မြန်မာ)မှ ငွေတံဆိပ်(၁)ခုနှင့် ခြင်းလုံးပြိုင်ပွဲတွင် မြန်မာမှ ကြေးတံဆိပ်(၁)ခုကိုလည်းကောင်း ထပ်မံဆွတ်ခူး ပေးထားကြောင်း သိရှိရပါသည်။ ယနေ့အထိ ပြိုင်ပွဲများတွင် ရွှေတံဆိပ် (၅)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေး(၁)ခုဖြင့် အသီးသီး ရရှိထားကြောင်းသတင်းရရှိပါသည်။