skip to content
 
 
နေပြည်တော်၊ နို၀င်ဘာလ(၁၉)ရက်။
 
၂၀၁၉ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပပြုလုပ်မည့် (၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ထည့်သွင်းကျင်းပမည့် Sports and Events ပတ်သက်သည့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးအား ယနေ့ နေ့လယ်မွန်းလွဲ(၁)နာရီအချိန်တွင် နေပြည်တော်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်အမှာစကားပြောကြားကာ ဦးဆောင်ဆွေးနွေးပါသည်။
 
အဆိုပါအစည်းအဝေးသို့ ဒုတိယ၀န်ကြီးနှင့်အတူ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာ၀န်ရှိသူများ၊ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် တာ၀န်ရှိသူများ တက်ရောက်ကြပါသည်။
 
ရှေးဦးစွာ ဒုတိယ၀န်ကြီးမှ အမှာစကားပြောကြားရာတွင် ၂၀၁၉ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ပါ၀င်ယှဉ်ပြိုင်မည့် အားကစားနည်းများအား မကြာသေးမီအချိန်က ဖိလစ်ပိုင်နိုင်ငံ၌လက်ခံကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် အရှေ့တောင်အာရှကောင်စီ Sports and Events အစည်းအဝေး၌ အားကစားနည်း(၅၇)နည်းကို ပဏာမလျာထားလျက်ရှိပါကြောင်း၊ ယခုပြုလုပ်ရသော အစည်းအဝေးသည် အဆိုပါ အားကစားနည်းများထဲမှ မိမိတို့အားကစားအဖွဲ့ချုပ်များပါ၀င်ယှဉ်ပြိုင်၍ရသည့် အားကစားနည်းများရှိသလို ပါ၀င်ယှဉ်ပြိုင်ခွင့်မရသော အားကစားနည်းများရှိပါကြောင်း၊ ထိုပါ၀င်ခွင့်ရသော အားကစားနည်းများမှာလည်း မိမိတို့ပါ၀င်လိုသည့် အားကစားနည်း (ကျား/မ) Events များထပ်မံထည့်သွင်းလိုခြင်းရှိ/မရှိ ရှိပါက ယခုအစည်းအဝေးတွင် တင်ပြဆွေးနွေးပေးနိုင်ရေးနှင့် ပါ၀င်ခွင့်မရသည့် အားကစားနည်းများလည်း ပါ၀င်ခွင့်ရရှိရေး ထပ်မံရွေးချယ် အတည်ပြုပေးနိုင်ရေး ကိစ္စရပ်များအား ပြိုင်ပွဲ၀င်အခြားနိုင်ငံများနှင့် ညှိနှိုင်းပေးစေလိုသောကိစ္စရပ်များတင်ပြပေးစေလိုကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၌ နို၀င်ဘာ(၂၄)ရက်နေ့တွင် အရှေ့တောင်အာရှ Sports and Events အစည်းအဝေး၌ ပါ၀င်မည့်အားကစားနည်း အမျိုးအစားများ အတည်ပြုဆုံးဖြတ်မည် ဖြစ်သောကြောင့် မိမိတို့နိုင်ငံမှ အချိန်မီ ဆွေးနွေးတင်ပြရမည့် အားကစားနည်းအလိုက် အကြောင်းအရာများကိုသိရှိနိုင်ရန် ယခုအစည်းအဝေး၌ တင်ပြစေလိုကြောင်းပြောကြားပါသည်။
 
 
 
ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသော အားကစားအဖွဲ့ချုပ်အသီးသီးမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် တာ၀န်ရှိသူများမှ မိမိတို့အားကစားနည်းအလိုက် ပါ၀င်ယှဉ်ပြိုင်မှုရရှိသော အမျိုးအစားပေါ် မူတည်၍ တွေ့ကြုံရသည့် အခက်အခဲများ ထပ်မံဖြည့်စွက်ကျင်းပစေလိုသည့် အားကစားအမျိုးအစားများ၊ ပြိုင်ပွဲ၀င်နိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ပြုပြင်ပြောင်းလဲ ကျင်းပပေးစေလိုသော အားကစားနည်းများအား အားကစားအဖွဲ့ချုပ်အလိုက် ပါ၀င်ယှဉ်ပြိုင်ခွင့်ရသည့် အားကစားအမျိုးအစားများထဲမှ ပါ၀င်ယှဉ်ပြိုင်မည့်အားကစားအမျိုးအစားတို့ကို အသီးသီးတင်ပြ ဆွေးနွေးရာဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န် ရှိသူများမှ ပြန်လည်ဆွေးနွေးကြပါသည်။
 
 
 
ထို့နောက် ဒုတိယ၀န်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုဆွေးနွေးတင်ပြသော အချက်များအား တရား၀င်စာဖြင့် အချိန်မီ ထပ်မံတင်ပြပေးစေလိုကြောင်း၊ ပြိုင်ပွဲများ ပါ၀င်ယှဉ်ပြိုင် ရာတွင် အောင်မြင်မှုရရှိစေရေးအတွက် ယခု ကတည်းက အဖွဲ့ချုပ်များမှ ကြိုတင်ပြင်ဆင် ထားရှိကြရန် နှင့် ပြိုင်ပွဲမတိုင်မီ စခန်းသွင်းလေ့ကျင့်လိုသည့် နေရာကို အထောက်အထား အချက်အလက် ခိုင်လုံစွာဖြင့် ရွေးချယ်တင်ပြနိုင်ပါကြောင်း၊ ထိုသို့ ရွေးချယ်မှုအပေါ် အဖွဲ့ချုပ်များမှ တာ၀န်ခံမှု၊ တာ၀န်ယူမှုရှိရမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲမတိုင်မီ အားကစားသမားများအရည်အချင်း မြင့်မားလာစေရေးအတွက် ပြည်ပနိုင်ငံများ၊ ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်လိုသည်ဖြစ်စေ၊ ပူးတွဲ သွားရောက်လေ့ကျင့်လိုသည်ဖြစ်စေ စနစ်တကျ စီမံချက်ရေးဆွဲပြီး ကြိုတင်တင်ပြကြစေလိုကြောင်း၊ မိမိတို့အနေနှင့် ပူးတွဲလေ့ကျင့်ရန် အာရှနိုင်ငံများဖြစ်သည့် ဂျပန်၊တရုတ်၊ ကိုရီးယားနိုင်ငံများကို ဦးစားပေးရွေးချယ်ပြီး Government to Government စနစ်ဖြင့် ပံ့ပိုးသွားမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်ရာရန် စခန်းသွင်းလေ့ကျင့်ရာတွင် အားကစားသမားများ ရွေးချယ် စိစစ်မှုနှင့် အုပ်ချုပ်သူ/နည်းပြများကို စနစ်တကျ စိစစ်ရွေးချယ်တာ၀န်ပေးအပ်စေလိုကြောင်း၊ အားကစား အောင်မြင်မှုရှိခြင်း၊ အောင်မြင်မှု ရရှိခြင်းသည် လေ့ကျင့်ပြင်ဆင်မှုကာလကတည်းက အားကစားသမားများ လေ့ကျင့်နေမှုကိုသင်ပြရသည့် နည်းပြ၊ ကြီးကြပ်ကွပ်ကဲရသည့် အုပ်ချုပ်သူတို့သည် အခန်းကဏ္ဍအလိုက်အထူး အရေးကြီးပါကြောင်း၊ (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲအောင်မြင်မှုရရှိရေးတွင် နိုင်ငံတော်အား၊ ၀န်ကြီးဌာနအား၊ အဖွဲ့ချုပ်အားစသည့် အား(၃)ရပ်ဖြင့် ပြိုင်တူဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အောင်မြင်မှုရရှိရေးတွင် အားကစားအဖွဲ့ချုပ်များအား နိုင်ငံတော်နှင့် ၀န်ကြီးဌာနတို့အနေဖြင့်  အတတ်နိုင်ဆုံး၊ အကောင်းဆုံးပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
 
နောက်ဆုံးပဏာမလျာထားသော အားကစားနည်း(၅၇)မျိုးထဲမှ မြန်မာနိုင်ငံမှထပ်မံ တောင်းဆို တင်ပြထားသော ဗိုဗီနမ်၊ ဘိလိယက်၊ သေနတ်ပစ်၊ ချက်၊ ရိုးရာလှေ၊ ခြင်းလုံးအားကစားနည်းများကို ဖိလစ်ပိုင်နိုင်ငံ၌ နို၀င်ဘာ(၂၄)ရက်နေ့တွင်ကျင်းပသည့် နောက်ဆုံး အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်မည်ဖြစ်ပြီး နို၀င်ဘာ(၂၅)ရက်နေ့တွင် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မည်သည့် အားကစားနည်းများ တရား၀င်ကျင်းပမည်ကို  သိရှိရမည်ဖြစ်ပါသည်။

back to top Eng