skip to content
နေပြည်တော်၊ အောက်တိုဘာ (၈)ရက်။  
 
၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့ညနေ(၃)နာရီအချိန်တွင် နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပပြုလုပ်ရာ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်း၀င်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် တာ၀န်ရှိသူများ၊ ၀န်ကြီးဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
 
ရှေးဦးစွာ ပြိုင်ပွဲ၀င်အသင်းများကွင်းအတွင်း၀င်ရောက်နေရာယူပြီးနောက် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ၀န်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုအရ  National Fitness  တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရန်၊ ၀န်ကြီးဌာနအသီးသီးမှ ၀န်ထမ်းများ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်ဖြစ်စေရန်၊ ၀န်ထမ်းများတက်ကြွရွှင်လန်းစွာနဲ့ မိမိတို့တာ၀န်များကို ပိုမိုထမ်းဆောင်နိုင်စေရေးကိုရည်ရွယ်ပါကြောင်း၊ မြန်မာ့ဘောလုံးအားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် လူရွေးချယ်ရေး၊ လေ့ကျင့်ရေး၊ အောင်နိုင်ရေးစီမံချက်များ ရေးဆွဲချမှတ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်နေပါကြောင်း၊လူထုဘောလုံးအားကစားမှသည် ထူးချွန်သောဘောလုံး အားကစားသမားများအဖြစ် ကူးပြောင်းသွားဖို့ စီစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ၀န်ထမ်းများအဆင့် လူထုဘောလုံးအားကစားပြိုင်ပွဲဖြစ်လာပါကြောင်း၊ ၀န်ထမ်းများချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားသွားကြရန်တိုက်တွန်းလိုပါကြောင်း၊ ဒိုင်လူကြီးများကလည်း ဘက်လိုက်မှုကင်းရှင်းပြီး ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများအတိုင်း တိတိကျကျဆုံးဖြတ်ဆောင်ရွက်ပေးသွားဖို့လိုပါကြောင်း၊ အားကစားသမားအချင်းချင်း ချစ်ခင်ရင်းနှီးစွာနဲ့အားကစားစိတ်ဓါတ် အပြည့်အ၀ဖြင့် အသန့်ရှင်းဆုံး ယှဉ်ပြိုင်ကစားသွားကြစေလိုကြောင်း၊ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့်မားသော ပြည်သူ့၀န်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းပြောကြားပြီး ၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။
 
 
 
ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်း၀င်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာ၀န်ရှိသူများသည် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပါသည်။
 
 
ဖွင့်ပွဲအပြီး နေပြည်တော်စည်ပင်အသင်းနှင့် ပြန်ကြားရေး၀န်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားကြရာ နေပြည်တော်စည်ပင်အသင်းမှ (၇)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။
အဆိုပါ ၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲတွင် ၀န်ကြီးဌာနအသီးသီးမှ ပြိုင်ပွဲ၀င်အသင်း(၁၂)သင်း၊ ပြိုင်ပွဲ၀င်အားကစားသမားဦးရေ စုစုပေါင်း(၂၇၀)ဦးဖြင့် ပါ၀င်ယှဉ်ပြိုင် ကစားလျက်ရှိပြီး အဆိုပါပြိုင်ပွဲအား (၈.၁၀.၂၀၁၉)ရက်နေ့မှ (၂၁.၁၀.၂၀၁၉)ရက်နေ့အထိ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁/၃)တို့တွင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။ (၉.၁၀.၂၀၁၉)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနအသင်းနှင့် လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအသင်းတို့သည် ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁)တွင်လည်းကောင်း၊ နယ်စပ်ရေးရာ၀န်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာနအသင်းတို့သည် ၀ဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၃)တို့တွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ဘောလုံးအားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။
 

back to top Eng