skip to content
 
 
နေပြည်တော် ၊ ဇွန်လ(၇) ရက်။
 
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် (၉း၀၀) နာရီအချိန်မှစတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအား ၀ဏ္ဏသိဒ္ဓိ အားကစားရုံ(C)တွင် ကျင်းပပြုလုပ်ရာ အဆိုပါပြိုင်ပွဲသို့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဗိုဗီနမ် အားကစားအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ လာရောက် ကြည့်ရှုအားပေးပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုများကို ချီးမြှင့်ခဲ့ကြပါသည်။
 
 
 
ယနေ့ပြိုင်ပွဲများအဖြစ် အမျိုးသား(၅၅-၆၀)ကီလိုတန်းအတိုက်ပြိုင်ပွဲ၊ အမျိုးသမီး (၅၅-၆၀)ကီလိုတန်းအတိုက်ပြိုင်ပွဲ၊ အမျိုးသား (၆၀-၆၅)ကီလိုတန်းအတိုက်ပြိုင်ပွဲနှင့် အမျိုးသား(၆၅-၇၀)ကီလိုတန်း အတိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပါသည်။
 
အဆိုပါပြိုင်ပွဲများတွင် ဆုရရှိကြသူများအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများနှင့် မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်မှ တာ၀န်ရှိသူများက ဆုတံဆိပ်များနှင့် ငွေသားဆုများကို အသီးသီး ချီးမြှင့်ခဲ့ကြပါသည်။
 
 
 
ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အမျိုးသမီး တစ်ကိုယ်တော် လောင်းအောင်ဝှေ့ပြိုင်ပွဲတွင် ဆုရရှိသော စုစုဇော်(ရန်ကုန်)မှ ပထမ၊ မြဲမြံ(မွန်)မှ ဒုတိယ၊ လှိုင်ဖူးဝေ(မကွေး)တို့မှ ပူးတွဲ တတိယဆုများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊(ကျား/မ) သိုဗန်ညိုအတိုက်ပြိုင်ပွဲတွင် ဆုရရှိသော မန္တလေးတိုင်းဒေသကြီး အသင်းမှ ပထမ၊ ရှမ်းပြည်နယ်အသင်းမှ ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ တတိယတို့အား မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ် ဥက္ကဌ ဦးရဲမြင့်မှလည်းကောင်း၊ဆက်လက်၍ အကောင်းဆုံးအမျိုးသားကစားသမားဆုရရှိသော မင်းမင်းထိုက်(မန္တလေး)နှင့် အကောင်းဆုံးအမျိုးသမီးကစားသမား ဆုရရှိသော ခင်ရတီကို(ရန်ကုန်)တို့အား အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း၊ဆက်လက်၍ ရွှေ(၃)ခု၊ ကြေး(၁)ခုနှင့် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသော ပဲခူးတိုင်းဒေသကြီးအသင်း၊ ရွှေ(၄)ခု၊ ငွေ(၁)ခုနှင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသော ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ရွှေ(၆)ခု၊ ငွေ(၅)ခု၊ ကြေး(၁)ခုနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသော ရန်ကုန်တိုင်းဒေသကြီး အသင်းတို့အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာမြလေးစိန်မှ ဆုများကို အသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
 

back to top Eng