နေပြည်တော် ဧပြီ ၃ရက်။
၂၀၁၉ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဌဖလား အသက် (၂၅) နှစ်အောက် မြို့နယ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီတွင် ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ၀င် ဦးတင်ထွန်းက ဘော်လီဘောပြိုင်ပွဲ ကျင်းပပေးရခြင်းမှာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြို့နယ်အသီးသီးမှ ဘော်လီဘောအားကစားသမားများ အချင်းချင်း စုစည်းတွေ့ဆုံ၍ ချစ်ခင်ရင်းနှီးတွေ့ဆုံစေရေး၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ် လာစေရေးအတွက်ဖြစ်ပြီး ထူးချွန်ထက်မြက်သော ကစားသမားများကို ပြည်ထောင်စုနယ်မြေ လက်ရွေးစင်အဖြစ် ရွေးချယ်ကာ တိုင်းဒေသကြီး၊ ပြည်နယ်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်သွားစေမှာဖြစ်ကြောင်းနှင့် ယခုပြိုင်ပွဲမှတစ်ဆင့် မြို့နယ်ဂုဏ်ဆောင်၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဌဖလား အသက် (၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲကို ကျင်းပရာ အဖွင့်ပွဲစဉ်အဖြစ် ဒက္ခိဏသီရိမြို့နယ် အသင်းနှင့် ဇေယျာသီရိမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကြသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီ၀င်များဖြစ်သည့် ဦးတင်တွန်း၊ ဦးအေးမောင်စိန်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၀င် ဦးမင်းသူ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ နေပြည်တော် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၀န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြိုင်ပွဲ၀င်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက် အားပေးကြသည်။
၂၀၁၉ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘော်လီဘော ပြိုင်ပွဲကို နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တို့မှ ဘော်လီဘော လက်ရွေးစင် အားကစားသမားများ ပါ၀င်ယှဉ်ပြိုင်ကာ၊ ဧပြီ (၃)ရက်နေ့မှ စတင်ယှဉ်ပြိုင်၍ ဧပြီ (၉) ရက်နေ့တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။