skip to content
 
နေပြည်တော် ဇူလိုင် ၂၉
 
ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲ အမျိုးသား၊ အမျိုး သမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းသည် ပြိုင်ပွဲနှစ်ခု စလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
 
မြန်မာအမျိုးသားအသင်းသည် ဆီးဂိမ်းပြိုင်ပွဲ အတွက် စတင်ပြင်ဆင်နေပြီဖြစ်ပြီး ဩဂုတ် ၁၉ ရက်တွင် စခန်းဝင်လေ့ကျင့်မှု စတင်ပြုလုပ်မည်ဖြစ်ကာ အမျိုးသမီး အသင်းမှာမူ ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ အာဆီယံပြိုင်ပွဲ ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် လေ့ကျင့်မှုပြုလုပ်လျက် ရှိသည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှစ်ခုစလုံး ယှဉ်ပြိုင်မည်ဖြစ်ပြီး ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းက တတိယ၊ အမျိုးသားအသင်းက စတုတ္ထနေရာရရှိခဲ့သည်။
 
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယင်းနှစ်သင်းစလုံးအတွက် ပြိုင်ပွဲအကြို ပြင်ဆင်မှုများစွာ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။
 
ဆီးဂိမ်းပြိုင်ပွဲ အမျိုးသားပြိုင်ပွဲတွင် ၁၁ နိုင်ငံစလုံး ယှဉ်ပြိုင်မည်ဖြစ်ကာ အမျိုးသမီးပြိုင်ပွဲတွင် ရှစ်သင်းဖြင့် ကျင်းပမည်ဟု ထုတ်ပြန်ထားသည်။ အမျိုးသမီး ပြိုင်ပွဲကို ရှစ်သင်းဖြင့် ကျင်းပမည်ဟု ထုတ်ပြန်ထားသော်လည်း လက်ရှိ အချိန်ထိ ငါးသင်းသာ စာရင်းပေးသွင်းထားပြီး ထပ်တိုးစာရင်းပေးသွင်းမည့် အသင်း များအပေါ်မူတည်၍ ပြိုင်ပွဲပုံစံ သတ်မှတ်မည်ဖြစ်သည်။ အမျိုးသားပြိုင်ပွဲကို နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၉ ရက်၊ အမျိုးသမီးပြိုင်ပွဲကို နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ မနီလာနှင့် အခြားမြို့နှစ်မြို့တွင် ကျင်းပမည်ဖြစ်သည်။
 
ပြိုင်ပွဲကျင်းပရေးကော်မတီသည် ပြိုင်ပွဲနှစ်ခုစလုံးတွင် အိမ်ရှင်ဖိလစ်ပိုင် အသင်းကို အုပ်စု(က)နှင့် လက်ရှိချန်ပီယံအသင်းကို အုပ်စု(ခ)တွင် နေရာ ချကာ ကျန်အသင်းများကိုလည်း နေရာချထားမည်ဖြစ်ပြီး ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲ ရလဒ်များအပေါ် မူတည်၍ အုပ်စုမဲခွဲရန် ဆီဒင်သတ်မှတ်မည်ဖြစ်သည်။
 
အမျိုးသားဘောလုံးပြိုင်ပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်အသင်းက အုပ်စု (က)၊ လက်ရှိချန်ပီယံထိုင်းအသင်းက အုပ်စု(ခ)တွင် ပါဝင်ကာ ကျန်အသင်းများအနက် Pot-1တွင် မလေးရှားနှင့် အင်ဒိုနီးရှား၊ Pot-2 တွင် မြန်မာနှင့် စင်ကာပူ၊ Pot-3 တွင် ဗီယက်နမ်၊ လာအို၊ ဘရူနိုင်း၊ တီမောနှင့် ကမ္ဘောဒီးယား အသင်း တို့ ပါဝင်နေသည်။ အမျိုးသမီးပြိုင်ပွဲတွင်မူ ပြိုင်ပွဲဝင်အသင်းအရေအတွက် အပေါ်မူတည်၍ အုပ်စုခွဲဝေမည်ဖြစ်ပြီး ငါးသင်းသာရှိပါက ပတ်လည်စနစ်ဖြင့် ကျင်းပဖွယ်ရှိပြီး ယင်းထက်အသင်းများမှသာ အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည် ဖြစ်သည်။
 
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-စိုးညွန့်

back to top Eng