skip to content

 

နေပြည်တော်၊ဇန်နဝါရီလ(၂၁)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့ပူးပေါင်းဖွင့်လှစ်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(A)ရုံတွင် ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးများနှင့် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာတို့ရဲ့ ရိုးရာအမွေအနှစ် ကိုယ်ခံပညာတစ်ခုဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေး၊တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သိုင်းပညာရှင်များ တွေ့ဆုံရင်းနှီးချစ်ကြည်မှုနှင့် စည်းလုံးညီညွတ်မှုပိုမိုခိုင်မြဲစေရေး၊ မြန်မာ့သိုင်းပညာရပ်များကို အချင်းချင်းအပြန်အလှန်ဖလှယ်နိုင်စေရေး၊ ရွက်ပုန်းသီးမျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေးနှင့် မြန်မာ့သိုင်းပညာရပ်များ နိုင်ငံတကာသို့ပျံ့နှံ့ရောက်ရှိနိုင်စေရေးတို့ အတွက်ဖြစ်ပါကြောင်း၊ မြန်မာရိုးရာသိုင်းပညာကို လူငယ်/လူရွယ်တိုင်း စိတ်ပါဝင်စားကစား လာကြစေဖို့အတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိသော မြန်မာ့သိုင်းပညာရှင်များနှင့် မြန်မာနိုင်ငံသိုင်း အဖွဲ့ချုပ်အနေဖြင့် စည်းရုံး ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ ယနေ့ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမားများ အနေဖြင့် မိမိတို့ ကိုယ်စားပြု ယှဉ်ပြိုင်သည့်အသင်း အောင်နိုင်ရေးရဖို့အတွက် ဇွဲ၊ စိတ်ဓာတ်အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ ပြိုင်ပွဲတွင် တာဝန်ယူ ဆောင်ရွက်ပေးကြသည့် ဒိုင်လူကြီးများ အနေဖြင့်လည်း ဘက်လိုက်မှုကင်းရှင်းပြီး တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယခု ပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံတော်ကအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်း မှာကြားကာ ၂၀၂၀ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်သိုင်းပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

 

၂၀၂၀ခုနှစ်၊တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ အမျိုးအစားများ ဗန်တိုအတိုက် ပြိုင်ပွဲများအဖြစ် ၄၅-၄၉ကီလို(ကျား/မ)၊ ၄၉-၅၃ကီလို(ကျား/မ)၊ ၅၃-၅၇ကီလို(ကျား/မ)၊ ၅၇-၆၁ကီလို(ကျား/မ)၊ ၆၁-၆၅ကီလို(ကျား/မ)၊ ၆၅-၆၉ကီလို(ကျား)၊ ၆၉ကီလိုအထက် (ကျား)၊ ဓားသိုင်းအတိုက်ပြိုင်ပွဲ ဓား(၁)လက် အတိုက် ၄၀.၄၅ကီလို(ကျား/မ)၊၄၅-၅၀ကီလို(ကျား/မ)၊ ၅၀-၅၅ကီလို(ကျား/မ)၊ဓါး(၂)လက် အတိုက် ၄၅-၅၀ ကီလို(ကျား/မ)၊ ၅၀-၅၅ကီလို (ကျား/မ)၊ ၅၅-၆၀ကီလို (ကျား)၊တစ်ကိုယ်တော်ပညာစဉ်ပြပြိုင်ပွဲတွင် တွဲဖက်နည်းပြလက်ပညာစဉ် ဓား(၁) လက်ပညာစဉ်(ကျား/မ)၊ လက်ထောက်နည်းပြ ဓား(၂)လက် တုတ်ရေးပညာစဉ် (ကျား/မ) ပြိုင်ပွဲ၊ အသင်းလိုက်စွမ်းရည်ပြ အတွဲအတိုက်ပြိုင်ပွဲတွင် ၁+၁(ကျား/မ)၊ ဓားမြှောင်ဗန်တို ၁+၁(မ+မ) လက်နက်မဲ့၊ ၁+၂(မ၁+ကျား၂)၊ (မ-လက်နက်မဲ့)(ကျား-ဓားရှည်+တုတ်ရှည်)၊ (၃)ယောက်တွဲ (ကျား)အခြေခံအပိုင်း(၁)နည်းပညာကျင့်စဉ်(၆၃)၊၁+၄ကျား-ဓားရှည် ဝိုင်းထွက်၊ ၁+၅ကျား-အချုပ် အဖြည်(လက်နက်မဲ့ချုပ်_၂မျိုး၊ လက်နက်ချုပ်-၃မျိုး)ပြိုင်ပွဲ အမျိုးအစားများ အားယှဉ်ပြိုင်ကစားကြရမည်ဖြစ်ပြီး ယနေ့ပြိုင်ပွဲများ အဖြစ် ဗန်တို အတိုက်ပြိုင်ပွဲများ (၄၅-၄၉)ကီလို(ကျား/မ)၊ (၄၉-၅၃)ကီလို(ကျား/မ)၊ (၅၃-၅၇)ကီလိုကျား၊(၅၇-၆၁)ကီလို(ကျား)ပြိုင်ပွဲ၊ ဓားအတိုက်ပြိုင်ပွဲ များ အဖြစ် ဓား-၁လက်(ကျား/မ)(၄၀-၄၅)ကီလိုပြိုင်ပွဲ၊ ဓား-၁လက်(ကျား/မ)(၄၅-၅၀)ကီလိုပြိုင်ပွဲ၊ဓား-၁လက်(ကျား)(၅၀-၅၅)ကီလို ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားလျက် ရှိကြောင်း သိရှိရပါသည်။

 

တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲကို (၂၁.၁.၂၀၂၀)ရက်နေ့မှ (၂၅.၁.၂၀၂၀) ရက်နေ့အထိ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲဝင်အသင်း(၁၃)သင်း၊ အမျိုးသားပြိုင်ပွဲဝင် အသင်း(၁၃)သင်းနှင့်အမျိုးသမီးပြိုင်ပွဲဝင်အသင်း(၁၁)သင်း၊ အမျိုးသားအားကစားသမား (၁၃၅)ဦး၊ အမျိုးသမီးအားကစားသမား(၇၂)ဦး၊ စုစုပေါင်းအား ကစားသမား(၂၀၇)ဦး ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံတွင် နေ့စဉ်နံနက်(၉)နာရီအချိန်တွင် ပြိုင်ပွဲများကို စတင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး သိုင်းအားကစားနည်းကိုစိတ်ပါဝင်စားသောမိဘပြည်သူများ အနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်း ရရှိသည်။


back to top Eng