skip to content

နေပြည်တော်၊မတ်လ(၁)ရက်။               

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို သတ်မှတ်အားကစားကွင်းများတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ယနေ့ နံနက်(၇)နာရီ(၃၀)မိနစ်အချိန်တွင် ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ (၂)ဂိုး ဂိုး(မရှိ) ဖြင့်လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ   ရှမ်းပြည်နယ်အသင်းမှ (၇)ဂိုး ဂိုး(မရှိ) ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားကြောင်း သိရှိရသည်။

 

အဆိုပါ ၂၀၂၀ပြည့်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို (၂.၃.၂၀၂၀)ရက်နေ့တွင် ပြိုင်ပွဲများရပ်နား၍ (၃.၃.၂၀၂၀) ရက်နေ့တွင် တတိယလုပွဲစဉ်အဖြစ် မနက်(၇)နာရီ(၃၀)မိနစ်အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ ညနေ(၃)နာရီ အချိန်တွင် ဗိုလ်လုပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းတွင်   အသီးသီး ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပမည်ဖြစ်ပါသဖြင့် ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသူ မိဘပြည်သူ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း  သတင်းရရှိသည်။     


back to top Eng