skip to content

ရန်ကုန် ဒီဇင်ဘာ ၁၉

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ၂၀၂၀ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက်ပြိုင်ပွဲ တွင် အသင်းအရေအတွက် တိုးမြှင့်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းစုစုပေါင်း ၂၀ အထက် ရှိလာမည်ဖြစ်သည်။
 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် လာမည့်ရာသီတွင် အပျော်တမ်းအသင်းများ ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ပြီး ငါးသင်းအထိ ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်သည်။ အပျော်တမ်းပြိုင်ပွဲ များကို ပြီးခဲ့သည့် နှစ်အနည်းငယ်ကတည်းက စတင်ကျင်းပလျက်ရှိပြီး ရှုံး/ထွက်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရန် တောင်းဆိုမှုများရှိခဲ့သော်လည်း မြန်မာနေရှင်နယ်လိဂ်ကော်မတီ အနေဖြင့် လာမည့်ရာသီမှ ပထမဆုံး ယှဉ်ပြိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက် ပြိုင်ပွဲကို ဧပြီမှ စက်တင်ဘာလအထိ ကျင်းပမည်ဖြစ်ပြီး အပျော်တမ်းအသင်းများမှာ ပထမ အဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပြီးခဲ့သည့် ရာသီပုံစံအတိုင်း ဆက်လက်ကျင်းပရန် စီစဉ်ထားသော်လည်း ပြိုင်ပွဲကျင်းပမည့် အသေးစိတ် အချက်အလက်များကို အစည်းအဝေးပြုလုပ်ကာဆုံးဖြတ်မည်ဖြစ်သည်။ ရှုံးထွက်ပြိုင်ပွဲကို ယခင်က MNL ကလပ်အသင်းများ၊ MNL-2 (ပထမတန်း) ကလပ်အသင်းများဖြင့်သာ ကျင်းပခဲ့သော်လည်း လာမည့်နှစ်မှစတင်ကာ အပျော်တမ်းအသင်း ငါးသင်း ယှဉ်ပြိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ သို့သော် အပျော်တမ်းအသင်းများအနေဖြင့် မြန်မာ နေရှင်နယ်လိဂ်ကော်မတီက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ဆောင် နိုင်မှသာ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

 

နောက်ဆုံးကျင်းပသည့် ၂၀၁၉ ပြိုင်ပွဲတွင် ရန်ကုန်အသင်းက ရှမ်းယူနိုက်တက်အသင်းကို အချိန်ပိုသွင်းဂိုးများအပါအဝင် လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ရှုံးထွက်ပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၃ ခုနှစ်မှလွဲ၍ နှစ်စဉ်ကျင်းပခဲ့သည်။ ကျင်းပပြီးစီးခဲ့သည့် ကိုးကြိမ်တွင် ရန်ကုန်နှင့် ဧရာဝတီအသင်းက သုံးကြိမ်စီဗိုလ်စွဲကာ အအောင်မြင်ဆုံးဖြစ်နေပြီး ဟံသာဝတီ၊ မကွေးနှင့် ရှမ်းယူနိုက်တက်အသင်းတို့က တစ်ကြိမ်စီ ဗိုလ်စွဲထားသည်။

 

ရှိုင်းထက်ဇော်

 


back to top Eng