ရန်ကုန်၊ ဇန်နဝါရီလ(၂၅)ရက်။
၂ဝ၁၉ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် (၃ဝ) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်းအလိုက်အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပထမအကြိမ် ပေါင်းစပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁ဝ)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ကာ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် (၃ဝ) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်းများအလိုက် အောင်မြင်စွာပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် မြန်မာ့အားကစားအဖွဲ့အနေဖြင့် လူစုံတက်စုံ သွားရောက်ယှဉ်ပြိုင်လိုစိတ်ရှိသော်လည်း ဘက်စုံစဉ်းစားချင့်ချိန်၍ မျှော်မှန်း ရွှေတံဆိပ်ရရှိရေး၊ အတွေ့အကြုံရရှိစေရေး၊ အားကစားဖွံ့ဖြိုးတိုးတက်ရေးစသည်ဖြင့် နိုင်ငံတော်မှ ကျခံစရိတ်အပြင် အဖွဲ့ချုပ်များ၏ ပူးပေါင်းမှုကို အားပြု၍ ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ၊ အားကစားနည်းအလိုက် ပဏာမပြိုင်ပွဲ အင်အားစာရင်း အမြန်ဆုံးပေးပို့စေပြီး ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် ကြိုတင် ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်မှ ဘိလိယက်၊ ဟော်ကီ၊ ကြက်တောင်၊ ဂေါက်သီး၊ ဘတ်စကက်ဘော၊ ပီတန်း၊ သေနတ်ပစ်၊ ကျွမ်းဘား၊ အမျိုးသမီး အားကစား အဖွဲ့ချုပ်၊ ရေကူး၊ Fencing၊ ဘောလုံး၊ ပြေးခုန်ပစ်၊ စစ်တုရင် ၊ စားပွဲတင်တင်းနစ်၊ ကနူး/ကယက် ရိုးရာလှေ၊ တင်းနစ်၊ ရွက်လှေ၊ အလေးမ၊ စက်ဘီး၊ ဘော်လီဘော၊ Ice Skating / Skateboarding ၊ Rowing ၊ ပိုက်ကျော်ခြင်း စသည့် အားကစားနည်း (၂၄)နည်းမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများနှင့် အတွင်းရေးမှူးတို့က စခန်းသွင်းလေ့ကျင့်မှု၊ လက်ရည်စစ်လူရွေးပြိုင်ပွဲများ ကျင်းပနိုင်ရေး၊ အားကစားနည်းအလိုက် Event အတိုင်းပါဝင်ယှဉ်ပြိုင်၍ ဆုတံဆိပ်ရရှိမှု အခြေအနေ ပါဝင်ယှဉ်ပြိုင်မည့် အင်အားစာရင်း၊ အားကစားသမားတစ်ဦးချင်းစီ၏ အားနည်းချက်/ အားသာချက်များအခြေအနေနှင့် ဖိတ်ခေါ်လက်ရည်စစ်ပြိုင်ပွဲများ ကျင်းပမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးနှင့် ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် တို့က Extra Official များအတွက် ဝင်ခွင့်ကဒ်များ ပြုလုပ်ရာတွင် ကန့်သတ်ချက်ရှိပါသောကြောင့် အသင်းနှင့်အတူ လိုက်ပါအားပေးမည့် ပုဂ္ဂိုလ်များနှင့် ဥက္ကဌများ၏ အမည်စာရင်းပေးခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့်အစီအစဉ်၊ (၃ဝ)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် စပ်လျဉ်း၍ ပါဝင်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအနေဖြင့် Entry By Name ကို ၂ဝ၁၉ခုနှစ်၊ ဇွန်လ(၃)ရက်နေ့မှ စ၍ Long List ပေးပို့ရန်၊ Entry By Name ကို သြဂုတ်လ (၁)ရက်မှစတင်၍ စက်တင်ဘာလ (၂)ရက်နေ့ နောက်ဆုံးထားရန် ပြိုင်ပွဲကျင်းပရေးကော်မတီသို့ ပေးပို့ရမည့် ကိစ္စရပ်များ၊ ပြိုင်ပွဲမတိုင်ခင် Pre Test Match များ အိမ်ရှင်ပြုလုပ်ခြင်း (သို့မဟုတ်) ပြည်ပသို့သွားရောက် ယှဉ်ပြိုင်မည်ဆိုပါက နိုင်ငံကူးလက်မှတ်များ လုပ်ဆောင်ရာ၌ အချိန်နှင့်တပြေးညီ ပေးပို့ရန် လိုအပ်ချက်များ၊ အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်နိုင်မှုအခြေအနေ၊ လက်ရည်စမ်းပြိုင်ပွဲများ ကျင်းပစေပြီး လူရွေးချယ်နိုင်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး အဖွဲ့ချုပ်များ၏ တင်ပြချက်များကို ပြန်လည်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နိဂုံးချုပ် အမှာစကား ပြောကြားရာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ အသစ်ပြန်လည်ဖွဲ့စည်းပြီးဖြစ်၍ (၃ဝ)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း အထူးမှာကြားလိုတာကတော့ လူရွေးချယ်မှုမှန်ကန်ရေး၊ အရည်အချင်းပြည့်မီသော နည်းပြများဖြင့် လေ့ကျင့်နိုင်ရေး၊ အဖွဲ့ချုပ်တာဝန်ရှိသူများက အားကစားစခန်းများသို့ မကြာခဏ သွားရောက်အားပေးစေလိုကြောင်း၊ Joint Training နှင့်စပ်လျဉ်း၍ Government to Government အစီအစဉ်အရ တရုတ်၊ ကိုရီးယား၊ ဂျပန် နိုင်ငံများဖြင့် ဆွေးနွေးထားရှိသည့်အတွက် မည်သည့်နိုင်ငံသို့ မည်သည့်ကာလအထိ သွားလိုသည်ကို အချိန်နှင့်တပြေးညီ တင်ပြရန်လိုအပ်ကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် Strength and Conditioning ကျွမ်းကျင်သူ၊ အာဟာရပိုင်းဆိုင်ရာကျွမ်းကျင်သူ၊ အားကစားဆေးပညာကျွမ်းကျင်သူများ ရှိသည့်အတွက် ဟောပြောဆွေးနွေးခြင်း၊ ခေါ်ယူညှိနှိုင်း တိုင်ပင်ခြင်းလုပ်ဆောင်ရန် တိုက်တွန်းလိုကြောင်း၊ ရွှေတံဆိပ်ရရှိနိုင်မည့် အားကစားအဖွဲ့ချုပ်များကို အောင်မြင်မှုရရှိအောင် ကြိုးစားစေလိုကြောင်း၊ အားကစားနည်းအသစ်များ အနေဖြင့်လည်း ဆက်လက် ပြင်းပြင်းထန်ထန် လေ့ကျင့်ကြိုးစားစေလိုကြောင်း၊ မျှော်မှန်းထားသော အားကစားနည်းများကလည်း ဆုတံဆိပ်ရရှိရေးကို ကြိုးစားစေလိုကြောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တစ်ခုတည်း ဦးဆောင်ရုံဖြင့် ဆုတံဆိပ် ရရှိရေးကို စွမ်းဆောင်နိုင်မည်မဟုတ်ကြောင်း၊ အဖွဲ့ချုပ်ဥက္ကဌများနှင့် တာဝန်ရှိသူများကလည်း မိမိတို့ အားကစားနည်းများ ရွှေတံဆိပ်ရရှိရေးကို အစွမ်းကုန် ကြိုးစားအားထုတ်ပေးဖို့လိုကြောင်းနှင့် လုပ်ဆောင်ပေးခဲ့မှုများကိုလည်း မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့က အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဇန်နဝါရီလ (၂၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် လက်ဝှေ့၊ ဂျူဒို၊ ကရာတေး၊ Muay၊ တိုက်ကွမ်ဒို၊ နပန်း၊ ဝူရှူး၊ မြားပစ်၊ သိုင်း/ Arnis၊ Jui- Jitsu၊ Kick boxing၊ Kurash၊ Sambo စသည့်အဖွဲ့ချုပ်များနှင့် ဆက်လက်တွေ့ဆုံသွားမည် ဖြစ်ကြောင်းသိရှိရသည်။