skip to content

နေပြည်တော်၊ ဇူလိုင်လ(၁၇)ရက်။  

မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပသော (၅)ကြိမ် မြောက် အရှေ့တောင်အာရှ ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲနှင့် (၂၄)ကြိမ်မြောက် အာရှ အသက်(၁၈)နှစ်အောက် Junior နှင့် အသက်(၁၅)နှစ်အောက် Cadet စားပွဲတင်တင်းနစ်ပြိုင်ပွဲများ အောင်မြင်စွာကျင်းပရေးပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁:ဝဝ)နာရီအချိန်တွင်  နေပြည်တော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်အရာရှိကြီးများနှင့် အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားရာတွင် (၅)ကြိမ်မြောက် အရှေ့တောင်အာရှ ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲကို (၇.၈.၂ဝ၁၈)ရက်နေ့မှ(၁၁.၈.၂ဝ၁၈)နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)နှင့် (၂၄)ကြိမ်မြောက် အာရှအသက်(၁၈)နှစ်အောက် Junior နှင့် အသက်(၁၅)နှစ်အောက် Cadet စားပွဲတင်တင်းနစ်ပြိုင်ပွဲကို (၁၃.၈.၂ဝ၁၈)ရက် နေ့မှ (၁၅.၈.၂ဝ၁၈)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် လက်ခံကျင်းပမည်ဖြစ်ပါကြောင်း၊ ယခုလိုအာရှပြိုင်ပွဲများကို အိမ်ရှင်အဖြစ်ကျင်းပရခြင်းမှာ အရှေ့တောင်အာရှပြိုင်ပွဲများတွင် ဗိုဗီနမ်အားကစားနည်းနှင့် စားပွဲတင်တင်းနစ်အားကစားနည်းများ ယခုထက်ပိုမို အောင်မြင်မှုရရှိစေရန်၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ လူငယ်များမှ ဤအားကစားနည်းများကို စိတ်ပါဝင်စားလာစေရန်၊ ထူးချွန်ထက်မြက်၍ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် အဓိကရည်ရွယ်ရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲကာလအတွင်း ဒိုင်/ဂျူရီများ၊ အားကစားသမားများ တည်းခိုနေထိုင်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ ပို့ဆောင်/ ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ အားကစားပြိုင်ပွဲအား Sports Channel များတွင် ထုတ်လွှင့်နိုင်ရေး Live များဖြင့် တိုက်ရိုက် ထုတ်လွှင့်နိုင်ရေးနှင့် နေ့စဉ်ထုတ်သတင်းစာများတွင် ပါဝင်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များတွင် အဘက်ဘက်မှလစ်ဟင်းမှု မရှိစေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများအား လက်ခံကျင်းပ နိုင်ခြင်းမှာ နိုင်ငံတော်၏ ပုံရိပ်တစ်ခု ဖြစ်သည့်အတွက် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ဝိုင်းဝန်း ကူညီဆောင်ရွက်သွားပေးဖို့လိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်ဥက္ကဌဦးရဲမြင့်မှ ဆွေးနွေးရာ (၅)ကြိမ်မြောက် အရှေ့တောင်အာရှ ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်နိုင်ငံများဖြစ်သော မြန်မာနိုင်ငံအပါအဝင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် အရှေ့တီမော စုစုပေါင်း (၈)နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲအခြေအနေကိစ္စရပ်များအား ပြောကြား ခဲ့ပါသည်။

မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌဦးကျော်ကျော်မှ ဆွေးနွေးရာ (၂၄)ကြိမ်မြောက် အာရှ အသက်(၁၈)နှစ်အောက်  Junior နှင့် အသက်(၁၅)နှစ်အောက် Cadet စားပွဲတင်တင်းနစ်ပြိုင်ပွဲကို မြန်မာနိုင်ငံ အပါအဝင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိုင်ယာလန်၊ တရုတ်(ဟောင်ကောင်)၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ အစ္စရေး၊ ဂျပန်၊ ဂျော်ဒန်၊ ကာဇက်စတန်၊ ကူဝိတ်၊ ကာဂျစ်စတန်၊ လာအို၊ မလေးရှား၊ မွန်းဂိုးလီးယား၊ နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ဆော်ဒီအာရေးဗီးယား၊ စင်ကာပူ၊ သီရိလင်္ကာ၊ ဆီးရီးယား၊ ထိုင်း၊ ကိုရီးယား၊ UAE၊ ဗီယက်နမ်နှင့် တရုတ်(တိုင်ပေ) စုစုပေါင်း (၂၉)နိုင်ငံအား ဖိတ်ကြားထားရှိပြီး ယနေ့အထိ နိုင်ငံပေါင်း(၂ဝ) လာရောက်ယှဉ်ပြိုင်မည်ဟု လက်ခံရရှိထားပါကြောင်းနှင့် ပြိုင်ပွဲ အခြေအနေကိစ္စရပ်များအား ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသော ဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ  မိမိတို့ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးတင်ပြရာ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့ချုပ်တာဝန်ရှိသူများမှ လိုအပ်သည်များကို အကြံပြုဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားကာအစည်းအဝေးအားရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 


back to top Eng