နေပြည်တော်၊ နိုဝင်ဘာလ( ၁၁ )ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အာရှစက်ဘီးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ကျင်းပသည့် (၅)နိုင်ငံဖိတ်ခေါ် Criterium Bike Race 2018 စက်ဘီးပြိုင်ပွဲနှင့် ငြိမ်းချမ်းရေး အထိမ်းအမှတ် လူထုစက်ဘီးစီးပွဲတော်ကို ယနေ့နံနက်(၆)နာရီခွဲ အချိန်တွင် မန္တလေးမြို့ ကျုံးမြောက်ဘက် (၁၂)လမ်း၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့ တက်ရောက်ပါဝင်ဆင်နွှဲ၍ ကြည့်ရှု အားပေးကာ ဆုများချီးမြှင့်ခဲ့ပါ သည်။
ရှေးဦးစွာ နံနက်(၆)နာရီခွဲတွင် ငြိမ်းချမ်းရေးအထိမ်းအမှတ် လူထုစက်ဘီးစီးပွဲတော် ကိုဦးစွာကျင်းပရာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဥက္ကဌ ဦးခင်မောင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မန္တလေးမြို့တော်ဝန်မှ သေနတ်ပစ်ဖောက် တာလွှတ်ပေးရာ မန္တလေးတိုင်း ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး နှင့် စက်ဘီးစီးဝါသနာရှင် (၄ဝဝ)ကျော်တို့သည် တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲစီးနင်းခဲ့ကြပါ သည်။
ဆက်လက်၍ အသက်(၁၉)နှစ်အောက် (၅)နိုင်ငံဖိတ်ခေါ် Criterium Bike Race 2018 စက်ဘီးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးမှ သေနတ်ပစ်ဖောက် တာလွှတ်ပေးရာ မြန်မာ၊ ကမ္ဘောဒီးယားနှင့် စင်ကာပူနိုင်ငံမှ ပြိုင်ပွဲဝင် (၁၂)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး နန်းမြို့ရိုးကျုံးမြောက်ဘက် (၁၂)လမ်းအား အပတ်(၂ဝ) ယှဉ်ပြိုင်ခဲ့ကြရာ ကမ္ဘောဒီးယားမှ ပထမ၊ မြန်မာမှ ကောင်းဝေလှိုင်က ဒုတိယ၊ ကမ္ဘောဒီးယားမှ တတိယ အသီးသီးရရှိခဲ့ကြပါသည်။
ဆက်လက်၍ အသက်(၂၃)နှစ်အောက် (၅)နိုင်ငံဖိတ်ခေါ် Criterium Bike Race 2018 ပြိုင်ပွဲကိုကျင်းပရာ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဥက္ကဌမှ သေနတ်ပစ်ဖောက် တာလွှတ်ပေးရာ မြန်မာ၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများမှ အားကစားသမား(၂၈)ဦးပါဝင်ယှဉ်ပြိုင်ပြီး နန်းမြို့ရိုးကျုံးမြောက်ဘက် (၁၂)လမ်းအား အပတ်(၃ဝ)ယှဉ်ပြိုင်ခဲ့ကြရာ တရုတ်မှ ပထမ၊ ကမ္ဘောဒီးယား မှ ဒုတိယ၊ အိန္ဒိယမှ တတိယ အသီးသီးရရှိခဲ့ကြပါသည်။
ဆက်လက်၍ ပြည်တွင်းအားကစားသမားများ သီးသန့်ပါဝင်ယှဉ်ပြိုင်ရသော အသက် (၄ဝ)နှစ် အောက်နှင့် အသက်(၄ဝ)နှစ်အထက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ပါ သည်။
ပြိုင်ပွဲများအပြီး ဆုများကို ချီးမြှင့်ရာ (၅)နိုင်ငံဖိတ်ခေါ် အသက်(၁၉)နှစ်အောက် Criterium Bike Race 2018 စက်ဘီးပြိုင်ပွဲတွင် ဆုရရှိကြသော ပထမ ကမ္ဘောဒီးယား၊ ဒုတိယ မြန်မာမှ ကောင်းဝေလှိုင်၊ တတိယ ကမ္ဘောဒီးယားတို့အား ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှလည်းကောင်း၊ အသက်(၂၃)နှစ်အောက် (၅)နိုင်ငံဖိတ်ခေါ် Criterium Bike Race 2018 ပြိုင်ပွဲတွင် ဆုရရှိကြသော ပထမ တရုတ်၊ ဒုတိယ ကမ္ဘောဒီးယား၊ တတိယ အိန္ဒိယ တို့အား မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဥက္ကဌ ဦးခင်မောင်ဝင်း မှလည်းကောင်း၊ ပြည်တွင်းအလွတ်တန်း အသက်(၄ဝ)နှစ်အောက် စက်ဘီးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများအား အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမျိုးမြင့်အောင်နှင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးအောင်ဝင်းထွန်း တို့မှ လည်းကောင်း၊ ပြည်တွင်း အလွတ်တန်း အသက်(၄ဝ)နှစ် အထက် စက်ဘီး ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများအား မန္တလေးတိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင် မှ လည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆု များအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။