skip to content

 

 

တောင်ကြီး ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ် တောင်ကြီးမြို့ အေးသာယာဂေါက်ကလပ်တွင် ကျင်းပပြုလုပ်သည့် (၆၂)ကြိမ် မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်တွင် ကျင်းပသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဂေါက်သီးအားကစားသည် ကမ္ဘာပေါ်တွင်ထင်ရှားသော အားကစားနည်း တစ်ခုဖြစ်သလို ကျန်းမာကြံ့ခိုင်မှု၊ စည်းကမ်းရှိမှု၊ ကိုယ်ကျင့်သိက္ခာထိန်းသိမ်းမှု၊ နည်းစနစ်ကျွမ်းကျင်မှုကိုပါ လေ့ကျင့်ပျိုးထောင် နိုင်သည့် အားကစားသမားများရရှိနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သည့် အစီအစဉ်တစ်ခု ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အားကစားကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား ပေါင်းစုံ ချစ်ကြည်ရင်းနှီးရေးကို ရည်ရွယ်ပြီး ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ၁၉၅၆ခုနှစ်မှ စတင်ကာ lnter District Golf Tournament ဆိုသည့် ဖလားဖန်တီးပြီး တောင်ကြီးမြို့၊ ကျိုင်းတုံမြို့၊ လားရှိုးမြို့များတွင် နှစ်စဉ်အလှည့်ကျ ကျင်းပခဲ့ပါကြောင်း၊ ပြိုင်ပွဲတွင် ရှမ်းပြည်နယ်တစ်ဝှမ်းလုံးက အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ် ကျိုင်းတုံကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲမှ စတင်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ပါကြောင်း၊ ယနေ့ကျင်းပသည့် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အမျိုးသားအသင်း (၆၁) သင်းနှင့် အမျိုးသမီးအသင်း (၈)သင်းတို့ စိတ်ပါဝင်စားစွာဖြင့် လာရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အတွက် ပြိုင်ပွဲဝင်အားကစားသမားများအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ် (၂၆) ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပရေးလိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည့် ကမ္ဘောဇကုမ္ပဏီ နာယကကြီး ဦးအောင်ကိုဝင်း၊ ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပ နိုင်ရေးအတွက် ဝိုင်းဝန်းလှူဒါန်းပေးကြသော အလှူရှင်များအားလုံးနှင့် အေးသာယာ ဂေါက်ကလပ်မှ တာဝန်ရှိသူများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ကမ္ဘောဇ တံခွန်စိုက်ဖလားကြီးကို ဆွတ်ခူးနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင်ကြရန် ပြောကြားသည်။

 

ထို့နောက် ပြိုင်ပွဲကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် လင်းအောင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့မှ ဖွင့်လှစ်ပေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

 


back to top Eng