နေပြည်တော် ဇန်နဝါရီ ၂
၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီခွဲမှစတင်၍ ယှဉ်ပြိုင်ကစားကြသည်။
ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း (၁)နှင့် (၂)ကြားတွင် လွန်ဆွဲအားကစား (အမျိုးသား၊ အမျိုးသမီး) ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ၊ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြသည်။ ဆက်လက်၍ ဖူဆယ်ဆီမီးဖိုင်နယ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာန အသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းအား သုံးဂိုး-နှစ်ဂိုးဖြင့်လည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းက နေပြည်တော် စည်ပင်အသင်းအား ခုနစ်ဂိုး- သုံးဂိုးဖြင့်လည်းကောင်း အနိုင်ရရှိသွားကြောင်း သိရသည်။
ထို့နောက် TC-1 တွင် ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းကလည်းကောင်း၊ ကာကွယ်ရေးဝန်ကြီး ဌာနအသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းကလည်းကောင်း၊ တတိယလုပွဲပွဲစဉ်အဖြစ် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းကလည်းကောင်း အနိုင်ရရှိခဲ့သည်။
ယင်းနောက် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)တွင် (အမျိုးသား)ဘော်လီဘော ဆီမီးဖိုင်နယ် ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအသင်းကို ၂၅-၂၃ မှတ်၊ ၂၅-၁၉ မှတ်၊ ၂၃-၂၅ မှတ်၊ ၂၈-၃၀ မှတ်၊ ၁၅-၁၁ မှတ်ဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အသင်းအား သုံးပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိသွားကြောင်း သိရသည်။
အား/ကာ