skip to content
 
ရန်ကုန်၊ အောက်တိုဘာလ(၂၂)ရက်။
 
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဟောင်ကောင် တွင် အောက်တိုဘာလ (၁၇)ရက်နေ့မှ (၂၁)ရက်နေ့အထိကျင်းပ ပြုလုပ်ခဲ့သည့် HKODA National & Open Championship-2018 ပြိုင်ပွဲတွင် အောင်ပွဲရ လူငယ်လက်ရွေးစင် ရွက်လှေအသင်းသည် မြန်မာအသင်းနည်းပြဖြစ်သူ အာဂျင်တီးနားနိုင်ငံသား Mr. Juan Ignacio Mazzini ဦးဆောင်ကာ ယနေ့ညနေ (၄)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊မိဘဆွေမျိုးများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ ရွက်လှေပြိုင်ပွဲ၌ အမျိုးသား အသက်(၁၂)နှစ်အောက် Optimist  ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခုနှင့် Optimist open ပြိုင်ပွဲ၌ ကြေးတံဆိပ်(၁)ခုကို ထက်လင်းဇော် (အား/ကာသိပ္ပံ- ရန်ကုန်)မှ လည်းကောင်း၊ အမျိုးသမီး အသက်(၁၂)နှစ်အောက် Optimist ပြိုင်ပွဲ၌ မေမြတ်နိုးခင် မှ ရွှေတံဆိပ်(၁)ခု၊ အမျိုးသားအသက်(၁၂)နှစ်အောက် Optimist ပြိုင်ပွဲ၌ စည်သူဟိန်း (အား/ကာသိပ္ပံ- ရန်ကုန်)က ငွေတံဆိပ်(၁)ခု၊ အမျိုးသမီး အသက်(၁၂)နှစ်အောက် Optimist ပြိုင်ပွဲ၌ အေးဝတ်ရည်နှင်း(အား/ကာသိပ္ပံ- ရန်ကုန်)က ငွေတံဆိပ်(၁)ခု စုစုပေါင်း ရွှေ(၂)ခု၊ ငွေ(၂)ခု၊ ကြေး(၁)ခုတို့ အသီးသီးရရှိခဲ့ကြသည်။
၄င်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစား (၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) သင်တန်းကျောင်းမှ လူငယ် လက်ရွေးစင်ရွက်လှေ အားကစားသမား(၃)ဦးက ရွှေ(၁)ခု၊ ငွေ(၂)ခု၊ ကြေး(၁)ခုရရှိခဲ့ပြီး ပြိုင်ပွဲတွင် သြစတေးလျ၊ တရုတ်၊ ထိုင်ဝမ်၊  တိုင်ပေ၊ ဖီဂျီ၊ မကာအို၊ မြန်မာ၊ ထိုင်း စုစုပေါင်း(၈)နိုင်ငံမှ အားကစား သမားပေါင်း (၇ဝ)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်းသတင်းရရှိသည်။
 

back to top Eng