ရန်ကုန်၊ ဇွန်လ( ၂၃ )ရက်။
၂ဝ၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ရန်ကုန်မြို့ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လိုက်လံကြည့်ရှုအားပေးပြီး ဆုများချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ရန်ကုန်မြို့ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ ကျင်းပသည့် အိုလံပစ်နေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီးရိုးရာလှေလှော်ပြိုင်ပွဲနှင့် ကနူး/ကယက်၊ အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲများတွင် အနိုင်ရရှိသူများအား ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ လှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင် ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုးနှင့် အဖွဲ့ချုပ်အမှုဆောင်များက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။
ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးနှင့် တာဝန်ရှိသူများသည် အောင်ဆန်း အားကစားပြိုင်ဝင်း(မိုးလုံလေလုံ) အားကစားခန်းမ၌ကျင်းပလျက်ရှိသော ၂ဝ၁၈ခုနှစ်၊ ကရာတေးဒိုအဖွဲ့ချုပ် ဥက္ကဌဖလားနှင့် အကြီးတန်းကရာတေးဒိုပြိုင်ပွဲ U-14 နှင့် U-12 Kata/Kumite အမျိုးသား/အမျိုးသမီးတစ်ဦးချင်း နှင့်အသင်းလိုက်ပြိုင်ပွဲများအား ကြည့်ရှု့အားပေး ခဲ့သည်။
အလားတူ ယနေ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများအဖြစ် ဦးဝိစာရလမ်း အမျိုးသားအားကစားလေ့ကျင့်ရေးစခန်းရှိ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်မှ အိုလံပစ်နေ့ အထိမ်းအမှတ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ဖွင့်ပွဲကို အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်မှ တက်ရောက်ဖွင့်လှစ်ပေးပြီး၊ အားကစားသမားများ လိုက်လံ နှုတ်ဆက်ကာ ပြိုင်ပွဲများကိုစတင် ကျင်းပ၍လည်းကောင်း၊ အမျိုးသားလေ့ကျင့်ရေး စခန်း၌ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ အိုလံပစ်နေ့ အထိမ်းအမှတ် ဂျူဒိုပြိုင်ပွဲများ ကျင်းပခဲ့ပြီး အဖွဲ့ချုပ်အလုပ်အမှုဆောင်များနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်သီသီရှိန်တို့က အနိုင်ရရှိသူများ ဆုများချီးမြှင့် ပေး၍လည်းကောင်း၊ သိမ်ဖြူတင်းနစ်ကွင်း၌ အိုလံပစ်နေ့အထိမ်းအမှတ် အမျိုးသား/ အမျိုးသမီးတစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများအားလည်းကောင်း၊ ကျိုက္ကဆံကွင်းရှိ ကမ်ပိုအားကစားရုံ၌ မြန်မာနိုင်ငံ ကမ်ပိုအဖွဲ့ချုပ်မှ ကမ်ပိုအားကစားနည်းဖြင့် စုပေါင်းသရုပ်ပြသခြင်းအတိုက်ပြိုင်ပွဲများအသီးသီး ကျင်းပခဲ့ကြောင်းသိရှိရသည်။