skip to content

နေပြည်တော်၊အောက်တိုဘာ (၂၁)ရက်။         ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီး၍ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး အထောက်အကူပြုရန် ရည်ရွယ်၍ ဖွင့်လှစ်သော Physical Fitness Dance သင်တန်းအမှတ်စဉ် (၂/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊ ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။

အစီအစဉ်အရ      ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် ''ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး''   "Exercise is Medicine" ကို ပြည်သူလူထုတစ်ရပ်လုံး ပါ၀င်ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော  Physical Fitness Dance သင်တန်းအမှတ်စဉ် (၂/၂၀၁၉) သင်တန်းဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၁၈ခုနှစ် နို၀င်ဘာလတွင် ၀န်ကြီးဌာနအသီးသီးမှ ၀န်ထမ်း(၁၈၉)ဦးကို လည်း ကောင်း၊ ၂၀၁၉ခုနှစ် ဇန်န၀ါရီလတွင် ပညာရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ကာယဆရာ/ဆ ရာမများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနများမှ အားကစားမှူးများနှင့် နည်းစနစ်မှူးများ စုစုပေါင်း (၂၈၀)ဦးကို လည်းကောင်း၊ ၂၀၁၉ခုနှစ် သြဂုတ်လတွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန အရာထမ်း/အမှုထမ်း (၄၆)ဦးတို့ကို နည်းပြသင်တန်း ဖွင့်လှစ်ပေးခဲ့ပြီး ယခုဆိုရင် အနယ်နယ်အရပ်ရပ်မှ ယခင်ကထက် ပိုမိုတိုးမြှင့် လှုပ်ရှားဆောင်ရွက်လာပြီဖြစ်ပါကြောင်း၊ ယနေ့ခေတ်အချိန်အခါတွင် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကွန်ပျူတာများ၊ မိုဖိုင်းဖုန်းများ၊ ဗွီဒီယိုဂိမ်းများဖြင့် အချိန်ကုန်ပြီး ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာခြင်းကြောင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါဖြစ်ပွားမှုများ ပိုမိုများပြားလာပါကြောင်း၊ လူတိုင်းသည် ကိုယ်လက်လှုပ်ရှားမှုကို တစ်ပတ်တွင် အနည်းဆုံး မိနစ်(၁၅၀)ခန့် ပြုလုပ်သင့်ပါကြောင်း၊ Healthy Myanmar Seminar နှင့် National Sports Seminar မှ ထွက်ပေါ်လာသော Outcomeတွေကို  ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ၀န်ထမ်းမိသားစုများအပါအ၀င် ပြည်သူလူထုတစ်ရပ်လုံး ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်သည့် အလေ့အကျင့်များရရှိအောင် ပြုလုပ်ပြီး စွမ်းဆောင်ရည်ထက်မြတ်သော ၀န်ထမ်းမိသားစုများနှင့် ပြည်သူများ နိုင်ငံ့အကျိုးကို ယခုထက်ပိုမိုထမ်းဆောင်နိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ယခု သင်တန်းကို တက်ရောက်နေကြသော ပညာရေး၀န်ကြီးဌာနမှ ကာယဆရာ/ဆရာမများ၊ ပြင်ပတွင် ကိုယ်လက်လှုပ်ရှားမှုများကို တက်တက်ကြွကြွ ဦးဆောင်ဆောင်ရွက်နေသူများ၊ မိမိတို့ဒေသသို့ ပြန်လည် ရောက်ရှိသော အချိန်တွင် ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများကို ကိုယ်လက်လှုပ်ရှားမှုများအား ပါ၀င်လှုပ်ရှားဆောင်ရွက်လာနိုင်စေရန် စည်းရုံးဆောင်ရွက်စေလိုပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားမှူးများ၊ နည်းစနစ်မှူးများ၊ မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအတွင်းရှိ ပြည်သူများ ကိုယ်လက်လှုပ်ရှားမှုများအား ပါ၀င်လှုပ်ရှားလာနိုင်စေရန် စည်းရုံးဆောင်ရွက်စေလိုပါကြောင်း၊ ပြည်ထဲရေး၀န်ကြီးဌာန၊ အကျဉ်းဦးစီးဌာနအောက်ရှိ အကျဉ်းထောင်များတွင် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ချိတ်ဆက်ပေါင်းစပ်ပြီး အကျဉ်းသားများကို ကိုယ်လက်လှုပ်ရှားမှုအဖြစ်  Physical Fitness Dance များကို ပြုလုပ်လာကြသည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ ပညာရေး၀န်ကြီးဌာနမှ ဆရာ/ဆရာမများ၊ ပြင်ပတွင် ကိုယ်လက်လှုပ်ရှားမှုများကို တက်တက်ကြွကြွ ဦးဆောင်ဆောင်ရွက်နေသော သင်တန်းသား/သင်တန်းသူများအနေဖြင့် မိမိတို့တွင်ရှိသော အရည်အချင်းများနှင့် သင်တန်းမှပို့ချလိုက်သည်များကို ပေါင်းစပ်၍ မိမိတို့ဒေသရှိပြည်သူများ ကိုယ်လက်လှုပ်ရှားဆောင်ရွက်မှုများကို ယခုထက်ပိုမို စည်းရုံးဆောင်ရွက်သွားကြပါလို့ ပြောကြားခဲ့သည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်နှင့် တာ၀န်ရှိသူများသည် သင်တန်းနည်းပြများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် Physical Fitness Dance သင်တန်းအမှတ်စဉ် (၂/၂၀၁၉) သင်တန်းနည်းပြများမှ သရုပ်ပြသခဲ့ကြပီး တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံတင်ရိုက်ကူးင်ပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ သင်တန်းအား ပညာရေး၀န်ကြီးဌာနမှ ဆရာ/ဆရာမများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသား(၂၂)ဦး/သင်တန်းသူ(၂၃၆)ဦး စုစုပေါင်း (၂၅၈)ဦးဖြင့် (၂၁.၁၀.၂၀၁၉)ရက်နေ့မှ (၁.၁၁.၂၀၁၉)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။    
 


back to top Eng