နေပြည်တော်၊သြဂုတ် (၄)ရက်။
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သည့်SMM 3rd U-23 Asian Men's Club '' Asia World Foundation '' Volleyball Championship ပြိုင်ပွဲအား ယနေ့နံနက် (၁၁)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) နှင့် (C)တို့၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးသိန်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြပါသည်။
ယနေ့ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ယှဉ်ပြိုင်ကစားကြရာ ပါကစ္စတန် အသင်းနှင့် ဘာရိန်းအသင်းပြိုင်ပွဲတွင် (၂၅-၂၁)မှတ်၊ (၂၅-၂၁)မှတ်၊ (၂၅-၁၅)မှတ်ဖြင့် လည်းကောင်း၊ သီရိလင်္ကာအသင်းနှင့် မြန်မာအသင်းပြိုင်ပွဲတွင်(၁၈-၂၅)မှတ်၊ (၂၈-၂၆)မှတ်၊ (၂၅-၁၉)မှတ်၊ (၂၅-၁၄)မှတ်ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဆက်လက်ယှဉ်ပြိုင်ကစားကြရာ ဗီယက်နမ်အသင်း နှင့် ကာဇက်စတန်အသင်းပြိုင်ပွဲတွင် (၃ဝ-၂၈)မှတ်၊ (၂၅-၂၁)မှတ်၊ (၂၅-၂၂)မှတ်ဖြင့်လည်းကောင်း၊ အိန္ဒိယအသင်းနှင့် နယူးဇီလန်အသင်းပြိုင်ပွဲတွင်(၂၅-၁၈)မှတ်၊ (၂၅-၁၄)မှတ်၊ (၂၅-၁၂)မှတ်ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ တရုတ်တိုင်ပေအသင်းနှင့် ကာတာအသင်း၊ ထိုင်းအသင်းနှင့် တရုတ်အသင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဂျပန်အသင်းနှင့် ဆော်ဒီအာရေးဘီးယားအသင်း၊ ဟောင်ကောင်အသင်းနှင့် သြစတေးလျအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရှိရပါသည်။အဆိုပါ SMM 3rd U-23 Asian Men's Club '' Asia World Foundation '' Volleyball Championship ပြိုင်ပွဲကို (၃.၈.၂ဝ၁၉) ရက်နေ့မှ (၁၁.၈.၂ဝ၁၉)ရက်နေ့ထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) နှင့်(C)တို့၌ နေ့စဉ်နံနက် (၁၁)နာရီအချိန်မှ စတင်၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘော်လီဘော အားကစားနည်းကို စိတ်ပါဝင်စားသူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။