skip to content

ရန်ကုန်၊ ဇူလိုင်လ(၁၅)ရက်။                

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဇူလိုင်လ (၁ဝ)ရက်နေ့ မှ (၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် Thailand Open  Karate ၂ဝ၁၉ ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်တွင် စခန်းသွင်းလေ့ကျင့်နေသည့် ပဏာမကရာတေး အားကစားသမား အမျိုးသား(၆)ဦး၊ အမျိုးသမီး(၇)ဦးနှင့်  ES4 E မှ ကစားသမား(၁)ဦးတို့ နှင့်အတူ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်မိုး ဦးဆောင်ကာ ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့ပဏာမလက်ရွေးစင် ကရာတေးကစား သမားများက ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၂)ခုနှင့် ကြေးတံဆိပ်(၁)ခုတို့ အသီးသီးရရှိခဲ့ကြပြီး ယနေ့နံနက်(၁၁)နာရီ က ထိုင်းနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက် ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကရာတေး အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးစိုးဝင်းနှင့် အမှုဆောင် အဖွဲ့ဝင်များ၊ အဖွဲ့ချုပ်လက်ရွေးစင်အားကစား သမားများနှင့် အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသားများက ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါပြိုင်ပွဲတွင် သက်တန်းလိုက်ပြိုင်ပွဲများပါဝင်ပြီး အသင်းပေါင်း(၈ဝ)သင်းမှ ပြိုင်ပွဲဝင် အားကစားသမားပေါင်း (၆၈၇)ဦး ပါဝင်ယှဉ်ပြိုင်ကြပါသည်။

မြန်မာအသင်းအနေဖြင့် Senior တန်း တစ်တန်းသာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး            Senior တန်းတွင် အမျိုးသမီးတစ်ဦးချင်း(၆၈)ကီလိုတန်း ''ကုမိတဲ့''ပြိုင်ပွဲတွင် နွေးနွေးဇော်ဝင်းမှ ရွှေတံဆိပ်(၁)ခု၊ အမျိုးသမီးအသင်းလိုက် ''ခတ'' ပြိုင်ပွဲ၌ ငွေတံဆိပ်(၁)ခု၊ အမျိုးသားတစ်ဦးချင်း(၅၅)ကီလိုတန်း ''ကုမိတဲ့'' ပြိုင်ပွဲ၌ မောင်ဂျွန်း က ငွေတံဆိပ်(၁)ခုနှင့် အမျိုးသမီးတစ်ဦးချင်း(၅၅)ကီလိုတန်း ''ကုမိတဲ့'' ပြိုင်ပွဲ၌ ဧပရယ်ဖေါ က  ကြေးတံဆိပ်(၁)ခုတို့ အသီးသီးရရှိခဲ့ကြောင်းသတင်းရရှိသည်။

 


back to top Eng