skip to content

နေပြည်တော်၊ ဒီဇင်ဘာ (၉)ရက်။    

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ဝ၁၈ ခုနှစ် ၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များအားကစားပြိုင်ပွဲ အလံတင်အခမ်းအနားပြိုင်ပွဲကို ယနေ့နံနက် (၈:ဝဝ) နာရီ အချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၊ Social Zone ၌ ကျင်းပပြုလုပ်ရာ အရှေ့တောင်အာရှတက္ကသိုလ်များပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး မြန်မာနိုင်ငံတက္ကသိုလ်များ အားကစားအဖွဲ့ချုပ်ဥက္ကဌအဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်  ဒေါက်တာသိန်းဝင်းနှင့် တာဝန်ရှိသူများ၊ အရှေ့တောင်အာရှတက္ကသိုလ်များပြိုင်ပွဲအားကစားကောင်စီ (AUSC)  အထွေထွေအတွင်းရေးမှူး Mr. Muhamad Mohd Hanif နှင့် တာဝန်ရှိသူများ၊  အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသော ဧည့်သည့်တော်အရာရှိကြီးများနှင့် အာဆီယံတက္ကသိုလ်ပြိုင်ပွဲဝင် အားကစားသမားများ၊ အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ အာဆီယံနိုင်ငံများမှ နိုင်ငံအလိုက်အားကစားသမားများနှင့် အလံတင်မည့်သူများသည် သတ်မှတ်နေရာကွင်းအတွင်းတွင် နေရာယူပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ပထမဦးစွာ လွှင့်တင်ခဲ့ပါသည်။

ဆက်လက်၍  အာဆီယံတက္ကသိုလ်များ အားကစားကော်စီအလံနှင့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များမှ အားကစားအလံကို လွှင့်ထူကြပြီး အာဆီယံနိုင်ငံ (၁)ခုချင်းအလိုက် အလံများကို လွှင့်ထူခဲ့ပါသည်။

ဆက်လက်၍ (၁၉)ကြိမ်မြောက် အရှေ့တောင် အာရှတက္ကသိုလ်များပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး မြန်မာနိုင်ငံတက္ကသိုလ်များအားကစားအဖွဲ့ချုပ်ဥက္ကဌ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်  ဒေါက်တာသိန်းဝင်းနှင့် တာဝန်ရှိသူများ၊ အရှေ့တောင်အာရှတက္ကသိုလ်များ ပြိုင်ပွဲအားကစားကောင်စီ (AUSC)  အထွေထွေအတွင်းရေးမှူး Mr. Muhamad Mohd Hanifတို့မှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အရှေ့တောင်အာရှတက္ကသိုလ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား ညွှန်ကြားရေးမှုးချုပ်  ဒေါက်တာသိန်းဝင်းက အမှတ်တရ လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။

ထို့နောက် အလံတင်အဖွဲ့နှင့် အားကစားအဖွဲ့များသည် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး ဖျော်ဖြေရေးအစီအစဉ်အဖြစ် မြန်မာ့ယဉ်ကျေးမှုအကဖြင့် ဧည့်ခံဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
 


back to top Eng