ကွာလာလမ်ပူ၊ သြဂုတ်လ (၂ဝ)ရက်။
မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ နေသည့် ၂ဝ၁၇ခုနှစ် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို ကွာလာလမ်ပူမြို့ရှိ အားကစားကွင်း၊ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်ရာ KllC H0ll 5 ၌ ကျင်းပပြုလုပ်သော ဝူရှူးအားကစားနည်းမှ ထောက်လုပြိုင်ပွဲ၊ ကျန်းစုဓါးသိုင်းကကွက်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အမျိုးသားပွဲစဉ်တွင် မင်းခန့်ဇော် ဝင်ရောက်ယှဉ်ပြိုင်ရာ အဆင့်(၆)၊ အမျိုးသမီး ပွဲစဉ်တွင် စန္ဒီဦးနှင့် မြတ်သက်စုဝေဖြိုးတို့ ဝင်ရောက်ယှဉ်ပြိုင်ရာ အဆင့်(၇) နှင့် အဆင့်(၉) သာရရှိ ပါသည်။ ညနေပိုင်းတွင် ဝူရှူးထောက်လုအားကစားနည်းမှ နန်းချွန်ပြိုင်ပွဲတွင် မြန်မာမှ အေးသစ္စာမြင့် ငွေတံဆိပ်ဆွတ်ခူးရရှိခဲ့ပါသည်။
ဆက်လက်၍ Titiwongsa အားကစားရုံ၌ ကျင်းပပြုလုပ်သော ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲတွင် (၂)ယောက်တွဲ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှ (၃)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။
ဆက်လက်၍ Kl Sport City မြားပစ်အားကစားကွင်း၌ ကျင်းပပြုလုပ်သော မြားပစ် Recurve တစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာမြားပစ်အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ရာ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်တွင် သီတာနွယ် တစ်ဦးသာ ဆီမီးဖိုင်နယ်သို့တက်ရောက်ပြီး ဖိလစ်ပိုင် ကို ရှုံးနိမ့်ကာ တတိယလုပွဲကို မလေးရှားနှင့် ယှဉ်ပြိုင်ကစားရာ(၆)မှတ် (ဝ)မှတ်ဖြင့် ရှုံးနိမ့်ပြီး စတုတ္ထသာရရှိခဲ့ပါသည်။
ဆက်လက်၍ UM Arena တက္ကသိုလ်အားကစားကွင်း၌ ကျင်းပပြုလုပ်သော အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းနှင့် ဗီယက်နမ်အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ဗီယက်နမ်အမျိုးသမီးအသင်းက (၃)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိသွားပါသည်။ အဆိုပါ ပွဲစဉ်များအားလုံးကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံအမျိုးသမီး အားကစား အဖွဲ့ချုပ် ဥက္ကဌဒေါ်ခင်လေးနှင့် အဖွဲ့ဝင်များ လိုက်လံကြည့်ရှု အားပေးကြပါသည်။
ဆက်လက်၍ MIET Holl 8 ၈ ၌ကျင်းပပြုလုပ်သည့်လက်ဝှေ့အားကစားပြိုင်ပွဲတွင် အမျိုးသား ၅၂ ကီလိုတန်း မြန်မာမှ လင်းထက်ပိုင်မှ စင်ကာပူအားကစားသမားကိုလည်းကောင်း၊ ၅၆ကီလိုတန်းမှ မောင်ငယ်မှ ဖိလစ်ပိုင်အားကစားသမားကိုလည်းကောင်း၊ ၇၅ကီလိုတန်းတွင် မျိုးကျော်သူမှ ထိုင်း အားကစားသမားကိုလည်းကောင်း၊ အသီးသီးရှုံးနှိမ့်ခဲ့သည်။
ဆက်လက်၍ MABA အားကစားရုံ၌ ကျင်းပပြုလုပ်သော ဘတ်စကတ်ဘောပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းမှ မလေးရှားနိုင်ငံအသင်းကို ၄၂မှတ် ၉၅မှတ်ဖြင့်လည်းကောင်း၊ မြန်မာ အမျိုးသမီးအသင်းမှ အင်ဒိုအမျိုးသမီးအသင်းကို ၄၉မှတ် ၉၄မှတ်ဖြင့်လည်းကောင်းအသီးသီး ရှုံးနိမ့်ခဲ့ပါသည်။
ဆက်လက်၍ National Quatic Centre 5 အားကစားကွင်း၌ ကျင်းပပြုလုပ်သော ခရစ်ကတ်အားကစား ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ၉၈မှတ် ၁ဝဝမှတ်ဖြင့် မြန်မာအသင်းရှုံးနိမ့်ခဲ့ပါသည်။
မနက်ဖြန် သြဂုတ်လ (၂၁)ရက်နေ့ မြန်မာအားကစားအဖွဲ့များဝင်ရောက်ယှဉ်ပြိုင်မည့် ပြေးခုန်ပစ်ပြိုင်ပွဲ၊ မြားပစ်ပြိုင်ပွဲ၊ ဘိုလင်းပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲ၊ ခရစ်ကတ်ပြိုင်ပွဲ၊ ဓါးခုတ်အားကစားနည်းပြိုင်ပွဲ၊ အမျိုးသားဘောလုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် မလေးရှားအသင်း၊ ဟောကီအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းနှင့် စင်ကာပူအမျိုးသမီး အသင်း၊ ပီတန်းအားကစားနည်း၊ စာပွဲတင်တင်းနစ်၊ တင်းနစ်၊ သုံးမျိုးစုံပြိုင်ပွဲ၊ ဝူရှူးပြိုင်ပွဲနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲအဖြစ် မြန်မာနှင့် ထိုင်းအသင်း တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။