skip to content

ရန်ကုန် ဒီဇင်ဘာ ၂၄

မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် အလုပ်အမှုဆောင်များ တတိယအကြိမ်ကျင်းပသည့် အမျိုးသားတံခွန်စိုက်ကြက်တောင်ရိုက်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် အနော်ရထာလမ်းရှိ အမျိုးသားကြက်တောင် အားကစားခန်းမ၌ စတင်ကျင်းပသည်။

ပြိုင်ပွဲကို မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသက်စံက အဖွင့်အမှာစကားပြောကြား၍ဖွင့်လှစ်ပေးပြီး ပထမနေ့ပြိုင်ပွဲ ပွဲစဉ်များကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။

ပြိုင်ပွဲတွင် အသက် ၁၁ နှစ်အောက်၊ ၁၃ နှစ်အောက်၊ ၁၅ နှစ်အောက်၊ ၁၇ နှစ်အောက်နှင့် ၁၉ နှစ်အောက်ပြိုင်ပွဲများ ပါဝင်ပြီး ယင်းပြိုင်ပွဲများတွင် တစ်ဦးချင်း၊ အမျိုးသား နှစ်ယောက်တွဲ၊ အမျိုးသမီး နှစ်ယောက်တွဲ၊ သာမန်တန်း၊ အမျိုးသား သက်ကြီးတန်း(နှစ်ယောက်ပေါင်း ၁ဝဝ နှစ်)နှင့် အကြီးတန်းတစ်ဦးချင်း၊ နှစ်ယောက်တွဲ၊ အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများပါဝင်သည်။ ၎င်းပြိုင်ပွဲသို့ ကလပ်အသင်း ၁၄ သင်းမှ ပြိုင်ပွဲဝင်ကစားသမား ၄၃ဝ ဦး တို့ပါဝင်ကြပြီး ဒီဇင်ဘာ၂၈ ရက်ထိ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ဝန်းရံခ၊ မြ၀တီသတင်းစာ

 


back to top Eng