skip to content
 
နေပြည်တော်၊ နိုဝင်ဘာ(၁)ရက်။
 
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အုပ်စု ပွဲစဉ်ပြိုင်ပွဲများကို ယနေ့နံနက်(၈း၃ဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ဖူဆယ်ပြိုင်ပွဲရုံ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယñွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှု ဆိုင်ရာကော်မတီမှအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဖူဆယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
 
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက်နေရာယူပြီးနောက် အားကစားနှင့် ကာယပညာဦးစီဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကား ပြောကြားရာ တွင် ယခုပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်နှင့် ဖူဆယ်အားကစားနည်းအပေါ် မျိုးဆက်သစ်လူငယ်များ ပိုမိုစိတ်ဝင်စားလာပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတကာ အားကစားပြိုင်ပွဲ များတွင် ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ပိုမိုအောင်မြင်မှုရရှိခြင်းနှင့် လက်ရှိမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏လက်ရွေးစင်အသင်းများအား နိုင်ငံတကာအဆင့်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် ထက်မြက်သောသွေးသစ် ဖူဆယ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးအတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဖူဆယ်အားကစားနည်းဟာ အခြားအားကစားနည်းတွေလို ကိုယ်ခန္ဓာကြီးထွားမှုနှင့် အရပ်အမောင်းမြင့်မားမှုတို့က အဓိကမကျပဲ သွက်လက်ဖျတ်လက်မှု၊ ခံနိုင်ရည်နှင့် သက်လုံကောင်းမွန်မှု၊ နည်းစနစ်ပိုုင်းကျွမ်းကျင်တို့ကို အဓိကထားရသည့် အားကစားနည်း ဖြစ်ပါကြောင်း၊ လျင်မြန်ဖျတ်လက်မှု လိုအပ်သည့်အတွက် လူငယ်များနှင့် အလွန်လိုက်ဖက်ညီသည့် အားကစားနည်းဖြစ်ပါကြောင်း၊
 
 
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနှင့် ဖူဆယ်အားကစားနည်း အဆင့်အတန်း တိုးတက်မြင့်မားလာစေဖို့ အဖွဲ့ချုပ်များမှတာဝန်ရှိသူ များနှင့် အားကစားသမားများက ဝိုင်းဝန်းကြိုးစားအားထုတ်ပြီး ဆုတံဆိပ်များစွာ ရရှိအောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယနေ့ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားသမားများအနေဖြင့် မိမိတို့၏ပင်ကိုယ်စွမ်းရည် အရည်အချင်းများကို တစ်ဦးချင်းအစွမ်းကုန်ဖော်ထုတ်ပြသကစားပြီး မိမိတို့ကိုယ်စားပြုသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသင်း အောင်နိုင်ရေးအတွက် အနိုင်မခံ အရှုံးမပေးပဲ ဇွဲစိတ်ဓါတ်အပြည့်ဖြင့် သန့်ရှင်းစွာယှဉ်ပြိုင် ကစားကြစေလိုကြောင်း၊ ပြိုင်ပွဲတွင်ကြီးကြပ်သည့် ဒိုင်လူကြီးများအနေဖြင့် ဘက်လိုက်မှု ကင်းရှင်းပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအတိုင်း တရားမျှတစွာ ဆုံးဖြတ်ဆောင်ရွက် ပေးစေလိုပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်မှ နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် ဖူဆယ်အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြဖို့  တိုက်တွန်းမှာကြားကာ ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲကို ဖွင့်လှစ်ခဲ့ပါသည်။
 
 
ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဖူဆယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများတို့သည် ပြိုင်ပွဲဝင်အသင်းများအား  လိုက်လံနှုတ်ဆက်ကြပြီးနောက် အမျိုးသားဖူဆယ်အသင်း ချင်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်း ဒေသကြီးအသင်း ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
 
အဆိုပါ ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်ရှိ အမျိုးသား(၁၃)သင်း၊ အမျိုးသမီး(၄)သင်းတို့မှ အားကစားသမား စုစုပေါင်း (၂၇၂)ဦးသည် နိုဝင်ဘာ(၁)ရက်နေ့မှ (၁ဝ)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ဖူဆယ်ပြိုင်ပွဲရုံတွင် နေ့စဉ်နံနက်(၉းဝဝ)နာရီအချိန်မှ စတင်ပြီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

back to top Eng