ရန်ကုန် ဇန်နဝါရီ ၁။မလေးရှားနိုင်ငံတွင် ဒီဇင်ဘာ ၂၆ ရက်မှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ကျင်းပခဲ့သည့် ဖိတ်ခေါ်လူငယ်နှင့် အလွတ်တန်း နိုင်ငံတကာလက်ဝှေ့ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု လက်ဝှေ့ကစားသမားခုနစ်ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ရဲလင်းထွန်းနှင့် သီဟဇော်တို့ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ဗိုလ်လုပွဲပြိုင်ပွဲများကို ယမန်နေ့ ညပိုင်းက ကျင်းပခဲ့ရာ ၆၄ ကီလို၊ လိုက်ဝယ်သာ ဝိတ်တန်းတွင် သီဟဇော်(မြန်မာ)နှင့် Jhonatan Siagian(အင်ဒိုနီးရှား)တို့ ယှဉ်ပြိုင်ကစားကြရာ သီဟဇော်ကို အင်ဒိုနီးရှားကစားသမားက အမှတ်ဖြင့် အနိုင်ရရှိပြီး ပထမရွှေတံဆိပ်ဆွတ်ခူးကာ မြန်မာမှ သီဟဇော်က ငွေတံဆိပ်ဖြင့် ကျေနပ်ခဲ့ရသည်။ နောက်တစ်ပွဲဖြစ်သည့် ၇၅ ကီလို မစ်ဒယ်ဝိတ်တန်းတွင် ရဲလင်းထွန်း(မြန်မာ)နှင့် Wanzuhaili Bin Wanzain (မလေးရှား)တို့ သုံးချီပြည့် ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ ရဲလင်းထွန်းက မလေးရှားကို အမှတ်ဖြင့် အနိုင်ရကာ ပထမရွှေတံဆိပ် ဆွတ်ခူးရရှိသွားပြီး ၅၆ကီလိုတန်းတွင် ပြည့်စုံက ကြေးတစ်ခု၊ ၆၄ ကီလိုတန်းတွင် ကျော်မင်းဦးက ကြေးတစ်ခု ဆွတ်ခူးရရှိခဲ့ကြသည်။အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးစောထွန်းလှဘော်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုအောင်၊ တွဲဖက်ကျန်းမာရေးတာဝန်ခံ ဒေါက်တာ သီဟဇော်၊ နည်းပြများအဖြစ် ဦးသန်းထွန်း၊ ဦးကျော်စွာအောင်၊ လူငယ်လက်ဝှေ့ကစားသမားများဖြစ်ကြသည့် သီဟဇော် ၆၄ ကီလို၊ ရိုင်းငယ် ၅၆ ကီလိုတန်းနှင့် အလွတ်တန်းတွင် ရဲလင်းထွန်း ၇၅ ကီလို၊ မျိုးကျော်သူ ၆၉ ကီလို၊ ကျော်မင်းဦး ၆ဝ ကီလို၊ ပြည့်စုံ ၅၆ ကီလို၊ ဇော်မြင့်မိုး ၅၂ ကီလိုတန်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်သည် ၂ဝ၁၃ ခုနှစ်မှစပြီး နိုင်ငံတကာပြိုင်ပွဲတွင် ဆုတံဆိပ်မရရှိခဲ့သော်လည်း ၂ဝ၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်အတွက် ရွှေ၊ ငွေ၊ ကြေး ဆွတ်ခူးပေးနိုင်ခဲ့သည်။ မြဝတီသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။