skip to content

မန္တလေး ဒီဇင်ဘာ ၃ဝ။

၂ဝ၁၈ ခုနှစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲနှင့် (၁၂) ကြိမ်မြောက် မန္တလာအိုးပင်း စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၃ဝ ရက် ညနေ ၃ နာရီက မန္တလေးချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားခန်းမ စစ်တုရင်အကယ်ဒမီခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား စည်ပင်သာယာရေးဝန်ကြီး မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် တက်ရောက် အမှာစကား ပြောကြားသည်။ ယင်းနောက် စေတနာရှင်အလှူရှင်များက စစ်တုရင်ပြိုင်ပွဲအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ မန္တလေးမြို့တော်ဝန်က လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ယင်းနောက် မြို့နယ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲများ၌ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးကြသည်။ ထို့နောက် မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က အလွတ်တန်းပြိုင်ပွဲတွင် ပထမမှ ဒသမအထိ ဆုရရှိသူများကို ဆုတံဆိပ်နှင့် ဆုငွေများ ပေးအပ်ချီးမြှင့်သည်။ ဆုများနှင့် ဆုငွေများချီးမြှင့် အပြည်ပြည်ဆိုင်ရာ အလွတ်တန်း စစ်တုရင်ပြိုင်ပွဲ တစ်ဦးချင်းတွင် ပထမဆုရ သန်းဌေးအောင်(စဉ့်ကိုင်)၊ ဒုတိယဆုရ ကျော်လေးထိုက်(ပြည်ကြီးတံခွန်)နှင့် တတိယဆုရ ထက်အောင်လှိုင်(ပြင်ဦးလွင်)တို့ကို တိုင်းဒေသကြီးစစ်တုရင် ဆပ်ကော်မတီ ဥက္ကဋ္ဌပါမောက္ခဒေါက်တာစိုးထွန်းက ဆုများနှင့် ဆုငွေများချီးမြှင့်ပြီး အသင်းလိုက်ပထမဆုရ ပြည်ကြီးတံခွန်မြို့နယ်အသင်း၊ ဒုတိယဆုရ ပြင်ဦးလွင်မြို့နယ်အသင်း၊ တတိယဆုရ အောင်မြေသာစံမြို့နယ် အသင်းတို့အား ဆုတံဆိပ်၊ ဆုငွေများ၊ စွယ်စုံတံခွန်စိုက်ဆုကို ဆွတ်ခူးခဲ့သော ပြင်ဦးလွင်မြို့နယ်အသင်းအား မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပထမတံခွန်စိုက်ဆု ဖလားကြီးနှင့် ဆုငွေကျပ်သုံးသိန်းတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြန်မာ့အလင်းသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။


back to top Eng