ရန်ကုန် ဇန်နဝါရီ ၄။
၂ဝ၁၉ ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီးဖိတ်ခေါ် ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းအပါအဝင် အသင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဂျပန်ဘောလုံးအဖွဲ့ချုပ်သည် အာဆီယံဘောလုံး ဖွံ့ဖြိုးရေးအတွက် ယခုပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ပြီး မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အာရှ ယူ-၁၉ အမျိုးသမီး ခြေစစ်ပွဲ ဒုတိယအဆင့်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယှဉ်ပြိုင်ခြင်းဖြစ်သည်။
ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲကို မတ် ၂ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် ဂျပန်အသင်းနှင့်အတူ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမေ်ဘာဒီးယား၊ မလေးရှား၊ စင်ကာပူအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပမည့်ပုံစံနှင့် ပွဲစဉ်ဇယားကို ထုတ်ပြန်ခြင်း မရှိသေးဘဲ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ပွဲစဉ်များကို ဆက်တိုက်ကစားရဖွယ်ရှိနေသည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဒုတိယ အဆင့်ခြေစစ်ပွဲအတွက် ပဏာမကစားသမား ၂၇ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ဒုတိယအဆင့်တွင် ခြေစွမ်းပိုင်းပိုကောင်းသည့်အသင်းများနှင့် ကစားရမည်ဖြစ်သောကြောင့် အချိန်ယူပြင်ဆင်နေခြင်းဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်နေပြီး ပထမအဆင့်ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ကစားသမားများကို အခြေခံကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။ မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ယခုလအတွင်း ပြည်တွင်း ခြေစမ်းပွဲများ စတင်ကစားမည်ဖြစ်သည်။ ကြေးမုံသတင်းစာမှ ကောက်နှုတ်တင်ပြသည်။