skip to content

 

ရန်ကုန် ဇန်နဝါရီ ၁၁

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် FMI ကုမ္ပဏီတို့ ပူးပေါင်းပြုလုပ်သည့် ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ (YOMA YANGON International Marathon)ကို ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် ပြည်တွင်းအားကစားသမားများနှင့် နိုင်ငံတကာ အားကစားသမား စုစုပေါင်း ၁ဝဝဝဝ ခန့်ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှသိရသည်။ အဆိုပါပြိုင်ပွဲကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၂ဝ ရက် နံနက် ၅ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံရှေ့၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားများတွင် ၄၂ ကီလိုမီတာ၊ ၂၁ ကီလိုမီတာ၊ ၁ဝ ကီလိုမီတာနှင့် ၃ ကီလိုမီတာတို့ပါဝင်သည်။ ရိုးမရန်ကုန်မာရသွန်ပြိုင်ပွဲကို ၂ဝ၁၃ ခုနှစ်တွင်စတင်ကျင်းပခဲ့ရာ အဆိုပါနှစ်တွင် ပြည်တွင်းအားကစားသမားနှင့် နိုင်ငံတကာ အားကစားသမား စုစုပေါင်း ၁ဝ၅ဝ ၊ ၂ဝ၁၄ ခုနှစ်တွင် ပြိုင်ပွဲဝင်ဦးရေ ၂၇ဝဝ ၊ ၂ဝ၁၅ ခုနှစ်တွင် ၄ဝဝဝ၊ ၂ဝ၁၆ ခုနှစ်တွင် ၆ဝ၂၂၊ ၂ဝ၁၇ ခုနှစ်တွင် ၈ဝဝဝ၊ ၂ဝ၁၈ ခုနှစ်တွင် ၉၂ဝဝ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တစ်နှစ်ထက်တစ်နှစ်ဝင်ရောက်ယှဉ်ပြိုင်သူ ပိုမိုများပြားလာခဲ့သည်။ ထို့အတူ ၂ဝ၁၉ ခုနှစ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဦးရေ ၁ဝဝဝဝ ခန့်ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။ ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲတွင် ပြေးလမ်းအရှည်ဆုံးဖြစ်သည့် ၄၂ ကီလိုမီတာပြေးလမ်း၌ သုဝဏ္ဏအားကစားရုံရှေ့မှတာလွှတ်ပြီး ကမ္ဘာအေးဘုရားလမ်းအတိုင်း သစ္စာလမ်း၊ ကျောက်ကုန်းလမ်း၊ မိုးကောင်းလမ်း၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ လေးထောင့်ကန်လမ်း၊ ဝေဇယန္တာလမ်းမှ သုဝဏ္ဏအားကစားကွင်းသို့ ပြန်လည်ပန်းဝင်ကြမည်ဖြစ်သည်။ အလားတူ ၂၁ ကီလိုမီတာ အားကစားသမားများသည် တာလွှတ်ရပ်သုဝဏ္ဏ အားကစားရုံရှေ့မှ ဝေဇယန္တာလမ်း၊ သံသုမာလမ်း၊ သမိန်ဗရမ်းလမ်းဆုံ၊ ကြက်ဘဲဈေးရှေ့၊ ၎င်းမှစက်ဆန်းလမ်းအတိုင်း ၁၅ ပေတံတား၊ အထက်ပုဇွန်တောင်လမ်း၊ အောက်ပုဇွန်တောင်လမ်း၊ မဟာဗန္ဓုလတံတား၊ ၎င်းမှရာဇဓိရာဇ်လမ်း၊ သန်လျက်စွန်းဂငယ်ကွေ့၊ ကမ်းနားလမ်းဟောင်းအတိုင်း၊ ဗိုလ်တထောင်၊ ပန်းဆိုးတန်း၊ ရွှေတိဂုံဘုရားလမ်း၊ ၎င်းမှဦးထောင်ဗိုလ်လမ်း၊ ကန်ပတ်လမ်း၊ စက်ရုံလမ်းဆုံ၊ မင်္ဂလာဈေး၊ ယုဇနပလာဇာရှေ့မှ ဗညားဒလလမ်းဆုံ (ကျောက်မြောင်းမီးပွိုင့်အထိ)၊ ၎င်းမှကျိုက္ကဆံလမ်းအတိုင်း၊ ပင်ရွှေညောင်လမ်း၊ လေးထောင့်ကန်လမ်း၊ ဝေဇယန္တာလမ်းမှ သုဝဏ္ဏအားကစားရုံသို့ ပြန်လည်ပန်းဝင်ရမည်ဖြစ်သည်။ ထို့အတူ ၁ဝ ကီလိုမီတာ အားကစား သမားများသည် သုဝဏ္ဏအားကစားရုံရှေ့မှ ဝေဇယန္တာလမ်း၊ သံသုမာလမ်း၊ သမိန်ဗရမ်းလမ်းဆုံ၊ ကြက်ဘဲဈေးရှေ့၊ ၎င်းမှစက်ဆန်းလမ်းအတိုင်း၁၅ ပေတံတား၊ ဗညားဒလလမ်း (ယုဇနပလာဇာရှေ့)၊ ၎င်းမှကျိုက္ကဆံလမ်း၊ ပင်ရွှေညောင်လမ်း၊ လေးထောင့်ကန်လမ်းဆုံ၊ ၎င်းမှဝေဇယန္တာ လမ်းအတိုင်း သုဝဏ္ဏအားကစားရုံသို့ ပြန်လည်ပန်းဝင်မည်ဖြစ်ပြီး ၃ ကီလိုမီတာ အားကစား သမားများသည် သုဝဏ္ဏ အားကစားရုံရှေ့မှ ဝေဇယန္တာလမ်း၊ သံသုမာလမ်း၊ ဘောက်ထော်ချောင်းတံတားအနီး မူကြိုကျောင်းရှေ့မှ ဝေဇယန္တာလမ်းဆုံ၊ ၎င်းမှဝေဇယန္တာလမ်းအတိုင်း၊ သံသုမာလမ်းဆုံမှ တာလွှတ်ရပ်သို့ ပြန်လည်ပန်းဝင်ရမည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပမည့်ရက်တွင် လမ်းအချို့အား ခေတ္တလမ်းလွှဲ၊ လမ်းပိတ်ခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

crd:မြ၀တီသတင်းစာ

 


back to top Eng