skip to content

 

ရန်ကုန် ၁၂ ဇန်နဝါရီ

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁) ပထမနေ့ကို ယနေ့ညနေပိုင်းက YUSC ကွင်းနှင့် မုံရွာကွင်း၌ စတင်ကျင်းပရာ လက်ရှိချန်ပီယံ ရန်ကုန်အသင်း နိုင်ပွဲစတင်ရရှိခဲ့သည်။

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက ဟံသာဝတီအသင်းကို သုံးဂိုး - တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ၂၀၁၈ ရှုံးထွက်ဗိုလ်လုပွဲတွင် တွေ့ဆုံခဲ့သည့်နှစ်သင်း ပြန်လည်တွေ့ဆုံခြင်းဖြစ်ပြီး ရန်ကုန်အသင်းက ပထမပိုင်းမှာပင် သုံးဂိုးရခဲ့၍ အနိုင်သုံးမှတ်ကို အလွယ်တကူ ရယူနိုင်ခဲ့သည်။ ဟံသာဝတီအသင်းသည် ယခုပွဲတွင် အမှားများခဲ့ပြီး ခြေစွမ်းပြနိုင်ခြင်းမရှိ၍ အဖွင့်ပွဲတွင် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အသင်း၏ ပွဲထွက်လူစာရင်းတွင် ဒဏ်ရာနှင့် ပွဲပယ်ခံထားရသည့် ကျော်ဇင်ထက်၊ မင်းကျော်ခန့်နှင့် ယာမာဇာကီတို့ ပါဝင်နိုင်ခြင်းမရှိဘဲ ဆယ်လာ၊ မီလာ၊ ကြည်လင်း၊ မောင်မောင်လွင်၊ ရန်အောင်ကျော်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ဟံသာဝတီအသင်းသည် နိုင်ငံခြားသားကစားသမားသုံးဦးအပါအဝင် လူစုံထုတ်ခဲ့သော်လည်း ပထမပိုင်းတွင် ပုံစံကောင်းရရန် ရုန်းကန်ခဲ့ရသည်။ ရန်ကုန်အသင်းသည် ချာရတီဖလားပြိုင်ပွဲမှ အရှုံးကို ပြန်လည်ကုစားနိုင်ရန် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၁၁ မိနစ်တွင် တိုက်စစ်မှူး ဆယ်လာက အဖွင့်ဂိုးသွင်းယူခဲ့သည်။

ဂိုးပေးလိုက်ရသည့် ဟံသာဝတီအသင်းသည် ခံစစ်ပိုင်းအမှားများ ဆက်တိုက်ကျုးလွန်ခဲ့ပြီး ရန်ကုန်အသင်းတိုက်စစ်ကအသုံးချကာ ဂိုးများဆက်တိုက်သွင်းယူနိုင်ခဲ့သည်။ ရန်ကုန်အသင်းအတွက် ဂိုးများကို ၂၁ မိနစ်တွင် ကြည်လင်း၊ ၃၁ မိနစ်တွင် ဆယ်လာတို့က သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် ဟံသာဝတီအသင်းက ချေပဂိုး ပြန်ရရန် ကြိုးပမ်းသော်လည်း ရန်ကုန်အသင်းနောက်တန်း ထိန်းချုပ်နိုင်ခဲ့သည်။ ရန်ကုန်အသင်း ဂိုးထပ်ရနိုင်သည့် အခွင့်အရေးများရခဲ့သော်လည်း အသုံးမချနိုင်၍ ဂိုးထပ်မရခြင်းဖြစ်သည်။ ဟံသာဝတီအသင်းအတွက် ချေပဂိုးတစ်ဂိုးကို မိနစ် ၉၀ တွင် မတ်ခ်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့သည်။

မုံရွာကွင်း၌ ကျင်းပသည့်ပွဲတွင် စစ်ကိုင်းအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း နှစ်ဂိုးစီသရေကျခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် အဝေးကွင်း၌ ရုန်းကန်ခဲ့ရပြီး ဦးဆောင်ဂိုးရသော်လည်း နှစ်ဂိုးပြန်ပေးခဲ့ရသောကြောင့် နောက်မှလိုက်ကစားခဲ့ရကာ ပယ်နယ်တီချေပဂိုးကြောင့် သရေကျခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် နိုင်ငံခြားသား ကစားသမား သုံးဦးအပါအဝင် သီဟစည်သူ၊ နန္ဒကျော်၊ ရန်နိုင်ဦး၊ အောင်ရှိုးသာမောင်တို့ဖြင့် လူစုံပါဝင်ခဲ့ပြီး စစ်ကိုင်းအသင်းမှာလည်း နိုင်ငံခြားသားများအပါအဝင် လူစုံခဲ့သည်။ ၂၁ မိနစ်တွင် ရှမ်းအသင်း ဂိုးစရခဲ့ပြီး မေကွန်က သွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရသော်လည်း စစ်ကိုင်းအသင်း ကစားကွက်ပျက်မသွားဘဲ ၂၈ မိနစ်တွင် ကျော်စွာမင်းက ချေပဂိုးပြန်သွင်းကာ ၅၇ မိနစ်တွင် မျိုးမင်းဖြိုးက ဒုတိယဂိုးသွင်းယူခဲ့သည်။ ရှမ်းအသင်းသည် ချေပဂိုးရရန် တောက်လျှောက်ကြိုးပမ်းခဲ့ပြီး မိနစ် ၈၀ တွင် ပယ်နယ်တီရခဲ့ကာ မေကွန်က အမှားအယွင်းမရှိကန်သွင်းခဲ့၍ နှစ်ဂိုးစီသရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

ပွဲစဉ် (၁) ဒုတိယနေ့ကို ဇန်နဝါရီ ၁၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဗထူးကွင်း၌ ရတနာပုံအသင်းနှင့် ဧရာဝတီအသင်း၊ သုဝဏ္ဏကွင်း၌ ဒဂုံအသင်းနှင့် ဇွဲကပင်အသင်း၊ မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် Chinland အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

Crd:မြန်မာအလင့်သတင်းစာ


back to top Eng