ရန်ကုန်၊ ဇန်နဝါရီလ( ၂၅)ရက်။
မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ၂ဝ၁၉ခုနှစ်၊ တရုတ်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး (အလွတ်တန်း) ၃x၃ ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ရန်ကုန်မြို့၊ အောင်ဆန်းအားကစားပြိုင်ဝင်း၊ အားကစားခန်းမ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် နာယကကြီး ဒေါ်နီ၊ ဒုတိယဥက္ကဌများနှင့် အဖွဲ့ချုပ် အမှုဆောင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် နာယကကြီး ဒေါ်နီမှ ပြိုင်ပွဲအဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ဆက်လက်ပြီး နှစ်သစ်ကူးအထိမ်းအမှတ်တရုတ်နဂါး အကဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံဝူရှူးအားကစားအဖွဲ့ချုပ်မှ ဝူရှူးအားကစားသမားများက ဝူရှူးသရုပ်ပြသ ကစားကြသည်။
အဆိုပါ ၃x၃ ဘတ်စကက်ဘောပြိုင်ပွဲ ၊ အမျိုးသားအလွတ်တန်းပြိုင်ပွဲ၌ အသင်း (၁၄)သင်းအား အုပ်စုနှစ်စုခွဲ၍ လည်းကောင်း၊အမျိုးသမီးအလွတ်တန်းပြိုင်ပွဲ၌ အသင်း(၃)သင်းအား အုပ်စုပတ်လည်စနစ်ဖြင့်လည်းကောင်း ၊ အမျိုးသမီးအသက်(၂၃)နှစ်အောက်ပြိုင်ပွဲ၌ အသင်း(၇)သင်းအား အုပ်စု(၂)ခုခွဲ၍လည်းကောင်း၊ အမျိုးသား အသက်(၂၃)နှစ်အောက်ပြိုင်ပွဲ၌ အသင်း(၂၆)သင်းအား (၈)အုပ်စုဖြင့်လည်းကောင်း ပြိုင်ပွဲများ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း(၅ဝ) ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။