စစ်တွေ ၂၉ မတ်
ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်အားကစားဆပ်ကော်မတီတို့ ပူးပေါင်းပြီးကျင်းပသော နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် စစ်တွေမြို့ ဓညဝတီအားကစားရုံ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ယခုသင်တန်းသည် အမျိုးသားအားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် အောင်မြင့်မှုများရရှိရေးအတွက် ဇွဲ၊ လုံ့လ၊ ဝိရိယ၊ အားမာန်အပြည့်ရှိပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွန်းလာစေရေး၊ အခြေခံကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက်များအား အားကစားသင်တန်းကို တက်ရောက်စေခြင်းဖြင့် အားကစားကိုပိုမိုစိတ်ပါဝင်စားလာစေရန်၊ အားကစားလိုက်စားပြီး မူးယစ်ဆေးဝါးကို ရှောင်ရှားတတ်လာစေရန် ရည်ရွယ်ဖွင့်လှစ်သော သင်တန်းဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများကလည်း သင်တန်းမှရရှိသည့် နည်းစနစ်ကျွမ်းကျင်မှုများကို အခြေခံကာ အဆင့်မြင့် အားကစားပညာရပ်များကို ဆက်လက်လေ့လာလိုက်စားကြပြီး ပြည်နယ်လက်ရွေးစင်မှ နိုင်ငံ့ကိုယ်စားပြု နိုင်ငံဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်လာအောင် ဆက်လက်ကြိုးစား သင်ယူသွားကြရန် ပြောကြားသည်။
ထို့နောက် သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်လူမှုရေးဝန်ကြီးနှင့် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်တို့ကပေးအပ်ကြပြီး သရုပ်ပြသကြသည့် အားကစားအဖွဲ့များကို ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပြည်နယ်ပညာရေးမှူးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။
နွေရာသီ အခြေခံအားကစားသင်တန်းကို ဖေဖော်ဝါရီ ၂၅ ရက်နေ့မှ မတ်၂၉ ရက်ထိ ဖွင့်လှစ်ခဲ့ပြီး ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ သိုင်း၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ဘတ်စကစ်ဘောနှင့် အေရိုးဗစ် စသည့် အားကစား ၁၀ မျိုးကို သင်ကြားပေးခဲ့ရာ သင်တန်းသား သင်တန်းသူ ၉၉၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။