skip to content

နေပြည်တော် ၊ ဧပြီလ(၃) ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ကို ယနေ့ ညနေ (၄)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့်တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ဗမာတိုင်းရင်းသားလူမှုရေးဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးနှင့်တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာ့အားကစားကို ကူညီထောက်ပံ့ပေးနိုင်ရေး တရုတ်နိုင်ငံဆိုင်ရာ ကွင်းဆင်းလေ့လာရေး ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဘောလုံးဝါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို (၂၁.၃.၂ဝ၁၉) ရက်နေ့မှ (၃.၄.၂ဝ၁၉)ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြရာ တတိယလုပွဲစဉ်အဖြစ် ယနေ့နံနက်(၇)နာရီအချိန်တွင် ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းမှ မွန်ပြည်နယ်အသင်းအား (၂)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ယနေ့ညနေ(၄)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကရင်ပြည်နယ်အသင်းအား (၃) ဂိုး-(၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲ သွားပါသည်။    

ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ အကောင်းဆုံး ဂိုးသမားဆုရရှိသွားသော ကျောနံပါတ်(၁) ယဉ်ယဉ်မိုးနိုင်(ရန်ကုန်)၊ နောက်တန်း အကောင်းဆုံး အားကစားသမားဆု ရရှိသွားသော ကျောနံပါတ် (၄) နှင်းထက်ထက်ဝေ(ကရင်)၊  အလယ်တန်း အကောင်းဆုံး အားကစားသမားဆုရရှိ သွားသော ကျောနံပါတ်(၆) နန်းချိုမွှေး(ရှမ်း)၊ ရှေ့တန်း အကောင်းဆုံး အားကစားသမားဆု ရရှိသွားသော ကျောနံပါတ်(၁ဝ) နန်းထက်ထက်ဝင်း(ကရင်)၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမား ဆုရရှိ သွားသော ကျောနံပါတ်(၁၁) စန်းစန်းမော်(ရန်ကုန်)တို့အား ငွေသားဆုများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း၊   တတိယဆုရရှိသွားသော ရှမ်းပြည်နယ် အသင်းအား ငွေသားဆု (၇)သိန်းနှင့် တစ်ဦးချင်းဆုတံဆိပ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှလည်းကောင်း၊ ဒုတိယဆု ရရှိသွားသော ကရင်ပြည်နယ်အသင်းအား ငွေသားဆု (၁ဝ)သိန်းနှင့် တစ်ဦးချင်း ဆုတံဆိပ်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ လည်းကောင်း၊ ပထမဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား ငွေသားဆု(၁၅)သိန်းနှင့် တစ်ဦးချင်းဆုတံဆိပ်များနှင့် တံခွန်စိုက်ဆုဖလားကို ရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား       အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းမှလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သတင်းရရှိ ပါသည်။
 

 


back to top Eng