skip to content
 
နေပြည်တော်၊ ဒီဇင်ဘာ(၆)ရက်။
 
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စက်ဘီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့်ပွဲစဉ်များ ကို နံနက််(၉:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓအားကစားကွင်းပြင်ပပတ်လမ်း Gate(A))၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူနည်းပြနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
 
 
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက် နေရာယူပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် စက်ဘီး အားကစားနည်းအပေါ် မျိုးဆက်သစ်လူငယ်များ ပိုမိုစိတ်ဝင်စားလာပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် ထူးချွန် ထက်မြက်သော မျိုးဆက်သစ်စက်ဘီး အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ စက်ဘီးအားကစားနည်းဟာ နိုင်ငံတကာတွင် လူအများစုစိတ်ဝင်စားတဲ့ အားကစားနည်းနှင့်အညီ အိုလံပစ်ပြိုင်ပွဲမှာ ထည့်သွင်းကျင်းပသည့် အားကစားနည်းလည်းဖြစ်ပါကြောင်း၊ အာရှနှင့်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများမှာလည်း စက်ဘီးပြိုင်ပွဲအမျိုးအစားဖြစ်သည့် Racing  ပြိုင်ပွဲများ၊ BMX Mountion Bike နှင့် Triathlon ပြိုင်ပွဲများကျင်းပပေးနေတာကို တွေ့ရှိပါကြောင်း၊ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Asia Track Cup 2010 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ငွေတံဆိပ်(၁)ဆုနှင့် ကြေးတံဆိပ်(၂)ဆု ရရှိထားပြီး ၂ဝ၁၃ခုနှစ် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် BMX အားကစားနည်းမှ ကြေးတံဆိပ်(၁)ဆု ဆွတ်ခူးခဲ့ပါကြောင်း၊ စက်ဘီးအားကစားနည်းဟာ လူနှင့်စက်ပစ္စည်း တို့ပေါင်းစပ်ယှဉ်ပြိုင်ရသည့် အားကစားနည်းတစ်ရပ်ဖြစ်ပြီး လေ့ကျင့်မှုပြည့်ဝပြီး နည်းပညာမြင့်မားမှုနှင့်အတူ ဇွဲ၊လုံ့လ၊သတ္တိ၊ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုတို့ကို တိကျစွာအသုံးချနိုင်မှသာ မိမိကိုယ်ကိုထိခိုက်မှုအန္တရာယ် တစ်စုံတစ်ရာမရှိပဲ ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါကြောင်း၊ စက်ဘီး အားကစားနည်းသည် ယခင်ထက်ပိုမို ဆုတံဆိပ်များစွာရရှိအောင် ယခုလို တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသား၊အမျိုးသမီး စက်ဘီးပြို်င်ပွဲများမှ တစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သော လက်ရွေးစင်အားကစားသမားများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားရင်း ၂ဝ၁၇ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် စက်ဘီးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။
 
 
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်း များအား လိုက်လံနှုတ်ဆက်ကြပြီးနောက် အမျိုးသမီးမီတာ(၅ဝဝ)စက်ဘီးပြိုင်ပွဲယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
 
အဆိုပါ ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား၊အမျိုးသမီး စက်ဘီးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအသီးသီးမှ အသင်း(၉)သင်း၊ အားကစားသမားစုစုပေါင်း (၆၈)ဦးတို့သည် ဒီဇင်ဘာ(၆)ရက်နေ့မှ (၈)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Gate(A) )တို့တွင်နေ့စဉ် နံနက်(၇:ဝဝ)နာရီမှ စတင်ပြီးယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် စက်ဘီး အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

back to top Eng