skip to content
 
နေပြည်တော် ၊ မေလ(၃) ရက်။ 
 
၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ စတုတ္တနေ့ပွဲစဉ်များအဖြစ် ယနေ့နံနက်(၉:ဝဝ)နာရီ အချိန်မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစား(B)ရုံတွင်ကျင်းပပြုလုပ်လျက်ရှိရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများလာရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါပြိုင်ပွဲကို အပြည်ပြည်ဆိုင်ရာ အသက်(၂ဝ)အောက် စစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် စုစုပေါင်း(၅၃)ဦးသည်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အလွတ်တန်းစစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှပြိုင်ပွဲဝင် စုစုပေါင်း(၅၃)ဦးသည်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးစစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်စုစုပေါင်း(၄၃)ဦးသည်လည်းကောင်း၊ မြန်မာ့ရိုးရာစစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်စုစုပေါင်း(၄၇)ဦးသည်လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရှိရပါသည်။
 
 
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲကို ဧပြီလ(၃ဝ)ရက်နေ့မှ မေလ(၇)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစား(B)ရုံ၌ နေ့စဉ်နံနက်(၉)နာရီအချိန်မှစတင်၍ ဆက်လက်ယှဉ်ပြိုင်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူမိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်အားပေးနိုင်ပါကြောင်း သတင်းရရှိပါသည်။
 
 

back to top Eng