နေပြည်တော်၊ မေလ (၆)ရက်နေ့။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ ပတ္တမြားခန်းမ၊ သုဝဏ္ဏ၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံအိုလံပစ်ကော်မတီပြန်လည်ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသည် မြန်မာနိုင်ငံ အားကစားလောကကြီးတစ်ခုလုံး ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကောင်စီကို နိုင်ငံတော်သမ္မတရုံးမှ (၂၀၁၉)ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင် အမိန့်ကြော်ငြာစာဖြင့် အသစ်ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီး အဆိုပါကောင်စီသည် အားကစားလောက ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ၊ လမ်းညွှန်မှုများ ချမှတ်သွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးကဏ္ဍတွင် ကုသရေးဆိုင်ရာနှင့် တိုင်းရင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကြံပေးအဖွဲ့များဖွဲ့စည်းထားရှိကာ အကြံဉာဏ်များရယူဆောင်ရွက်လျက် ရှိသကဲ့သို့ အားကစားကဏ္ဍတွင်လည်း မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို ဖွဲ့စည်းကာ မြန်မာနိုင်ငံ အားကစားလောကကြီးတစ်ခုလုံး ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်များ ရယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကော်မတီဖွဲ့စည်းရာတွင် အားကစားနည်းအမျိုးမျိုးမှ အဖွဲ့ချုပ်များ၏ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ ပါဝင်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကော်မတီဝင်များ အနေဖြင့် အားကစားလောက ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို မိမိကိုယ်ပိုင်အရေးကိစ္စကဲ့သို့ သတ်မှတ်ကာ ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်နိုင်ရေး၊ အားကစားနည်းအမျိုးမျိုး အောင်နိုင်ရေး၊ ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစားကို စိတ်ပါဝင်စား ဆောင်ရွက်ကြရာမှ ကျန်းမာသန်စွမ်းရေးစသည့် ကိစ္စရပ်များအတွက် အကြံဉာဏ်များ ပေးအပ်သွားကြရန် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို (၂၀၀၅)ခုနှစ် နှင့် (၂၀၁၃) ခုနှစ်တို့တွင်လည်း ဖွဲ့စည်းထားရှိခဲ့ပါကြောင်း၊ ယခင်အိုလံပစ်ကော်မတီများ၏ လုပ်ငန်းဆောင်ရွက် အောင်မြင်မှု၊ အားနည်းချက်နှင့် အားသာချက်များ အတွေ့အကြုံများကို ရယူ၍ ယခုပြန်လည်ဖွဲ့စည်းမည့် ကော်မတီ၏ လုပ်ငန်းများကို ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ အားကစားလောကကြီး တစ်ခုလုံးအတွက် လွန်စွာအရေးကြီးသော အမျိုးသားအဆင့် အားကစားဥပဒေ (National Sports Law) ရေးဆွဲလျက်ရှိပြီး အမြန်ဆုံး ပြဋ္ဌာန်းဆောင်ရွက်သွားနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက် သွားကြစေလိုပါကြောင်း၊“ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” ဆောင်ပုဒ်ခေါင်းစဉ်ဖြင့် ပြည်သူအားလုံး ကျန်းမာသန်စွမ်းရေးအတွက် ပြည်သူများအကြား အားကစားစိတ်ဓာတ် မြှင့်တင်ခြင်း လုပ်ငန်းများ၊ ကိုယ်လက်လှုပ်ရှား အားကစားကို ပြည်သူများ ပိုမိုပါဝင်ဆောင်ရွက်နိုင်စေရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူများပိုမို ကျန်းမာသန်စွမ်းလာခြင်းနှင့် အားကစားပါရမီ မြင့်မားသည့် မျိုးဆက်သစ် အားကစားသမားများလည်း ပေါ်ထွန်းလာနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေကြီး/ ပြည်နယ်များတွင် ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်မှုကို ပိုမိုစိတ်ဝင်စား ဆောင်ရွက်နိုင်ကြရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးများက ဦးဆောင်နေရာမှ ဆက်လက်ပံ့ပိုး ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ အားကစားလေ့ကျင့်မှုများကို သိပ္ပံနည်းကျ နည်းစနစ်များဖြင့် လေ့ကျင့်နိုင်ရေးအတွက် အားကစားသိပ္ပံဘွဲ့ (B.Sc (Sports)) သင်တန်းများဖြင့် ပညာရှင်များမွေးထုတ်ပေးလျက်ရှိပြီဖြစ်ပြီး အဆိုပါ သင်တန်းများမှ သင်ရိုးညွှန်းတမ်းများ ပိုမိုကောင်းမွန်စေရေးအတွက် အကြံပြုချက်များလည်း ပေးအပ်စေလိုပါကြောင်း၊ ကျောင်းနေအရွယ် ကလေးငယ်များ အားကစားကို စိတ်ပါဝင်စား၍ စနစ်တကျ လေ့ကျင့်နိင်ရန်အတွက် ကာယပညာလေ့ကျင့်သင်ကြားခြင်း (physical education) များကိုလည်း ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းများမှ အားကစားသမားများ အားလုံးတွင် မူးယစ်ဆေးဝါး၊ တားမြစ်ဆေးဝါး၊ အရက်၊ ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး ကင်းစင်ရေးကို အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အားကစားအောင်နိုင်ရေး၊ ကျန်းမာသန်စွမ်းရေးတို့အတွက် အရေးကြီးသည့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ဦးစားပေးသတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေးအပါအဝင် ကျောင်းကျန်းမာရေး လုပ်ငန်းများ ပိုမိုကောင်းမွန်တိုးတက်ရေး နှီးနှောဆွေးနွေးဖလှယ်ပွဲကြီး တစ်ခု ကျင်းပဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အားကစားအောင်နိုင်ရေးအတွက် ကိုယ်ကာယပိုင်းတွင်သာမက စိတ်ပိုင်းဆိုင်ရာပါ အရေးကြီးသဖြင့် အားကစားဆိုင်ရာ စိတ်ပညာကိုလည်း အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများမှ အောင်ပွဲရအားကစားသမားများ၏ ဘဝအနာဂတ်ခိုင်မာစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်းနှင့် ရာထူးတိုးမြှင့် ပေးခြင်း၊ ဆုကြေးငွေများ တိုးမြှင့်ချီးမြှင့်ခြင်း စသည်တို့ကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားနည်းပြများ၏ အရည်အသွေးတိုးတက်မြင့်မားရေးကိစ္စရပ်များကိုလည်း မူဘောင်ချမှတ်ကာ မဟာဗျူဟာရေးဆွဲ၍ ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ Healthy Myanmar Seminar (Exercise is Medicine) နှင့် National Sports Seminar တို့မှ ဆွေးနွေးအကြံပြုချက်များနှင့် လုပ်ဆောင်ရန် အချက်များကို ဦးစားပေးအဆင့်အလိုက်သတ်မှတ်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများကို ကျင်းပရေးနှင့် နောက်အဆင့်အနေဖြင့် အမျိုးသားအဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် အကြံပြုချက်များကိုလည်း ပေးအပ်စေလိုပါကြောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို ဖွဲ့စည်းပြီးနောက် ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းစုစည်း ညီညာစွာဖြင့် မြန်မာနိုင်ငံ အားကစားလောကကြီး တစ်ခုလုံး ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကြံပြုချက်များပေးအပ်ခြင်းနှင့် လုပ်ငန်းများဆောင်ရွက်ခြင်းတို့ကိုလုပ်ဆောင်သွားရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကောင်စီ အတွင်းရေးမှူး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ပြန်လည်ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က (၃၀) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အားကစားအဖွဲ့ချုပ် (၄၂) ဖွဲ့မှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များက မြန်မာနိုင်ငံအိုလံပစ်ကော်မတီပြန်လည်ဖွဲ့စည်းရေးနှင့် (၃၀) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်နိုင်ရေးတို့အတွက် အဖွဲ့ချုပ် တစ်ခုချင်းစီအလိုက် တင်ပြမှုနှင့်ဘက်စုံ အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အသေးစိတ် ပြန်လည်ဆွေးနွေးခဲ့ပါသည်။အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။