ကွာလာလမ်ပူ၊ သြဂုတ်လ (၁၆)ရက်။
မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ နေသည့် ၂ဝ၁၇ခုနှစ် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်ရာ Klsport City အားကစားကွင်း၌ ကျင်းပပြုလုပ်သော မြားပစ်အားကစားနည်းမှ Compound တစ်ဦးချင်းပြိုင်ပွဲကို မြန်မာ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် အောင်ငှိမ်းတစ်ဦးသာ ကွာတာဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီး ကွာတာအဆင့်ပြိုင်ပွဲတွင် ဗီယက်နမ်ကို ရှုံးနိမ့်၍ ပြိုင်ပွဲမှ ထွက်ခွာရပြီး ဆုတံဆိပ် လွဲချော်ခဲ့ရပါသည်။
ဆက်လက်၍ ဒေသစံတော်ချိန်(၂) နာရီတွင် Titiwangsa အားကစားရုံ၌ ကျင်းပပြုလုပ်သော ခြင်းလုံးအားကစားပြိုင်ပွဲ Event-2 ပြိုင်ပွဲကို မြန်မာခြင်းလုံးအသင်းမှ ဝင်ရောက်ယှဉ်ပြိုင်ရာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး ဒေသစံတော်ချိန် (၇)နာရီတွင် ထိုင်းအသင်းနှင့် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရာ မြန်မာ အသင်းမှ (၃၁၇)မှတ်၊ ထိုင်းအသင်းမှ (၃ဝ၃)မှတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံ၏ (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ပထမဆုံး ရွှေတံဆိပ်ဆုကို စတင်ရရှိခဲ့ပါသည်။
ပြိုင်ပွဲအပြီး ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် မလေးရှားနိုင်ငံ ပိုက်ကျော်ခြင်း ဥက္ကဌတို့မှ ရွှေတံဆိပ်ဆုရ မြန်မာ၊ ငွေတံဆိပ်ဆုရ ထိုင်းနှင့် ပူးတွဲတတိယဆုရ မလေးရှားနှင့် လာအိုအသင်းတို့အား ဆုများကို အသီးသီး ချီးမြှင့်ခဲ့ပါသည်။
သြဂုတ်လ(၁၇)ရက်နေ့ပွဲစဉ်များအဖြစ် မြန်မာအားကစားအဖွဲ့ ယှဉ်ပြိုင်မည့် အားကစားနည်းများမှာ မြားပစ်အားကစားနည်းမှ Compound အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသမီးဘောလုံးပွဲစဉ်တွင် မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ဒေသစံတော်ချိန် (၈)နာရီ(၄၅)မိနစ်တွင် လည်းကောင်း၊ ခြင်းလုံး ပြိုင်ပွဲ Event-4 ပြိုင်ပွဲကိုလည်းကောင်း၊ ခရစ်ကတ် အားကစားပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။