နေပြည်တော် ၊ မေလ(၈) ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာ ဦးစီးဌာန အားကစားနည်းပြများ မွမ်းမံသင်တန်း(၁/၂ဝ၁၉)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈:ဝဝ)နာရီ အချိန်တွင် Multipurpose Hall ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်(ငြိမ်း) ကျွမ်းကျင်သူ ဒေါက်တာရဲတင့်လွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ နည်းပြသင်တန်းများ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ ယခုနောက်ပိုင်းတွင် အားကစားသမားနှင့် နည်းပြများ အင်အားနည်းပါးလာခြင်းတို့ကြောင့် ပထမဆုံးအကြိမ်အဖြစ် ၂ဝ၁၈ ခုနှစ်တွင် (၁/၂ဝ၁၈)ကို တစ်ကြိမ်ဖွင့်လှစ် ပေးခဲ့ပြီး ယခု ဒုတိယအကြိမ်မြောက် ဆက်လက်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ အားကစားနည်းပြကောင်းများ ပေါ်ထွန်းလာစေရေးတို့အတွက် ရေရှည်စီမံကိန်းများဖြင့် အဖက်ဖက်မှ ဆောင်ရွက်ပေးလျက်ရှိရာ နည်းပြများ၏ အားကစားအရည်အချင်း၊ အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ် နည်းပြကောင်းများ ပေါ်ထွက်လာနိုင်စေရေး အတွက် ရည်ရွယ်ပါကြောင်း၊ ရေတို၊ ရေရှည် နည်းလမ်း(၂)ခုဖြင့် ဆောင်ရွက်နေပါကြောင်း၊ အားကစားနည်းပြ (၁)လသင်တန်းအား စဉ်ဆက်မပြတ် စီမံကိန်းများဖြင့် (၄)လတစ်ကြိမ် ဖွင့်လှစ်ပေးမှာဖြစ်ပြီး (၁)နှစ်ကို (၃)ကြိမ်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှတစ်ဆင့် နောက်ပိုင်းတွင် (၃)လ သင်တန်း၊ (၁)နှစ်သင်တန်းများ ဖွင့်လှစ်ပေးပြီး ဒီပလိုမာ ရရှိသည်အထိ ဘွဲ့များ ချီးမြှင့်အပ်နှင်း ပေးမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နည်းပြသင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် အချိန်နှင့်တစ်ပြေးညီ တိုးတက်ပြောင်းလဲနေသော နည်းပြများ ဆောင်ရွက်ရမည့် Training Theory များ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို အချိန်တိုအတွင်း သိရှိလေ့လာခွင့် ရရှိမှာဖြစ်ကြောင်း၊ ပြိုင်ပွဲများတွင်လည်း လက်ရှိကျင့်သုံးနေသော ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများကို လွယ်လင့်တကူ သိရှိနားလည်လာမှာဖြစ်ပါကြောင်း၊ ဒီသင်တန်းတွင် လူသားများကို သင်ကြားပေးမှာဖြစ်သောကြောင့် ဆဲလ်တုံ့ပြန်မှုတွေကို သိရမှာဖြစ်ကြောင်း၊ ဆဲလ်တုံ့ပြန်မှုတွေကိုလည်း လေ့လာရမည်ဖြစ်ကြောင်း၊ Administration နှင့် သက်ဆိုင်သော ဘွဲ့များ ပေးမည်ဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းမှာ သင်ကြားပို့ချလိုက်သော သင်ခန်းစာများကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် အထူးကြိုးစားကြဖို့ လိုအပ်ကြောင်း၊ အရည်အချင်းပြည့်ဝတဲ့ နည်းပြကောင်းများဖြစ်လာပြီး မျိုးဆက်သစ် အားကစားသမားများကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးနိုင်မှာဖြစ်တဲ့အတွက် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်သော နည်းပြကောင်းများ ပေါ်ထွက်လာနိုင်စေရန် သင်တန်းသားများဘက်မှာ အထူးကြိုးစားကြဖို့ လိုအပ်ကြောင်း၊ သင်ခန်းစာများကိုလည်း စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း၊ မိမိတို့ ကိုယ်တိုင်ကျွမ်းကျင်ပိုင်နိုင်မှသာ မျိုးဆက်သစ် အားကစားသမားများကို အကောင်းဆုံးလေ့ကျင့်ပြုစု ပျိုးထောင် ပေးနိုင်မည်ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်လိုက်တဲ့ အားကစားနည်းပြများ မွမ်းမံ(၁)လသင်တန်း၏ သင်ခန်းစာများကို အကောင်းဆုံးဖြစ်အောင် ပြန်လည်ကိုးကားပြီး လေ့လာဆည်းပူး ကြစေလိုကြောင်း၊ လက်တွေ့လုပ်ငန်းခွင်တွင်လည်း အကျိုးရှိရှိ ပြန်လည်အသုံးချကြစေလိုကြောင်း၊ ဌာနအကြီးအကဲများမှ မိမိတို့ကို အားကိုးထိုက်သော အရည်အချင်းပြည့်ဝတဲ့ နည်းပြကောင်းများ ဖြစ်လာအောင် အထူးကြိုးစား ကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။
ဆက်လက်ပြီး သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား/သင်တန်းသူများမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများအား တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ ကြောင်းသတင်းရရှိပါသည်။
အဆိုပါ အားကစားနည်းပြသင်တန်း (၁/၂ဝ၁၉)တွင် သင်တန်းသား(၁ဝ)ဦး၊ သင်တန်းသူ(၂ဝ)ဦး စုစုပေါင်း (၃ဝ)ဦးတို့ တက်ရောက်သင်ကြားပြီး (၆.၅.၂ဝ၁၉)ရက်နေ့မှ (၃၁.၅.၂ဝ၁၉)ရက်နေ့အထိ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။