နေပြည်တော်၊ မေလ(၁၆)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နေ့လည်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂ဝ၁၉ ခုနှစ်၊ မတ်လအထိ (၆)လတာကာလအတွင်း အားကစားနှင့် ကာယပညာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ သုံးသပ်ညှိနှိုင်း အစည်းအဝေး(ဒုတိယနေ့)သို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးသို့ တက်ရောက်လာကြသည့် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်များတွင် အားကစား လုပ်ငန်းများ ယခုထက်ပိုမိုအောင်မြင်စေရန် ဆောင်ရွက်ရန် ကိစ္စရပ်များ၊ အားကစားကွင်းများSynthetic ပြေးလမ်းများအသစ်ဆောက်လုပ်ရေးကိစ္စရပ်များ၊ ဖွဲ့စည်းပုံများ တိုးချဲ့ပြင်ဆင်နိုင်ရေးကိစ္စရပ်များ၊ ကိုယ်လက်လှုပ်ရှားအားကစားကို ပြည်သူများ ပိုမိုလိုက်စားဆောင်ရွက်နိုင်ရေး ဆောင်ရွက်နေမှုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ပြည်သူများအတွက် Outdoor Fitness Equipment များ တပ်ဆင်ထားရှိမှု အခြေအနေများ၊ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို တင်ပြခဲ့ပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ဖြည့်စွက်ဆွေးနွေးရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် အားကစားနှင့်ကာယပညာဦးစီးဌာနများနှင့် အား/ကာသိပ္ပံကျောင်း (၆)ကျောင်းတို့တွင် ဘဏ္ဍာငွေအပါအဝင် လိုအပ်ချက်များ၊ ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ် ဖွဲ့စည်းပုံအသစ် တိုးချဲ့ခန့်ထားနိုင်ရေး ကိစ္စရပ်များ၊ အားကစားနည်းပြအခက်အခဲများ၊ အား/ကာသိပ္ပံကျောင်းများ အားကစားနည်းအလိုက် နိုင်ငံတကာ နည်းပြများ ငှါးရမ်းခန့်ထားနိုင်ရေးကိစ္စရပ်များ၊ အားကစားကွင်း/ရုံ ပြုပြင်ထိန်းသိမ်းနိုင်ရေး ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေး တင်ပြပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ဌာနခွဲအလိုက် လိုအပ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး Exercise is Medicine ဆောင်ပုဒ်ဖြင့် ပြည်သူများ ပိုမိုကျန်းမာသန်စွမ်းရေး ဆောင်ရွက်ထားမှုအခြေအနေများကို ထပ်မံဖြည့်စွက် ဆွေးနွေးပါသည်။
ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် အားကစားလောကကြီးတစ်ခုလုံး ပိုမိုတိုးတက် အောင်မြင်စေရေးအတွက် ဆန်းသစ်သောအတွေးအမြင်များဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများသည် မိမိ၏ ကျောင်းဘက်စုံပိုမို ကောင်းမွန်တိုးတက်စေရေး ကိစ္စရပ်များကို မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စကဲ့သို့ မှတ်ယူကာ တိုင်ပင်ဆွေးနွေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းအုပ်ကြီးများအနေဖြင့် အခြားအားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းများကို (၂)လတစ်ကြိမ်ခန့် လှည့်လည်ကြည့်ရှုပြီး ကောင်းမွန်သည့် လုပ်ဆောငချက်များကို နမူနာယူ၍ မိမိ၏ ကျောင်းတွင်လည်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများတွင် လူငယ်အားကစားသမားများ စတင်ရွေးချယ်စဉ်ကတည်းက ကျန်းမာရေး စစ်ဆေးမှုများကို စနစ်တကျ ပြုလုပ်ရန်နှင့် ကျောင်းတွင် တက်ရောက်၍ အားကစားလေ့ကျင့်စဉ်တွင်လည်း တိုးတက်မှုအခြေအနေများကို စဉ်ဆက်မပြတ် စောင့်ကြည့်အကဲဖြတ်ရမည်ဖြစ်ပါကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း များမှ အားကစားသမားများအားလုံးတွင် မူးယစ်ဆေးဝါး၊ တားမြစ်ဆေးဝါး၊ အရက်၊ ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး ကင်းစင်ရေးကို အထူးအလေးထား စည်းကမ်းကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ကျောင်းများတွင် အားကစားသမားများအား အာဟာရပြည့်ဝစေရေး ကျွေးမွေးနေမှုများကိုလည်း ပိုမိုကောင်းမွန်စေရေး အာဟာရပညာရှင်များထံမှ အကြံဉာဏ်များ ရယူဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ အား/ကာသိပ္ပံကျောင်းအလိုက် လုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှု အခြေအနေများကို လစဉ်ပုံမှန် ဆန်းစစ်အကဲဖြတ်ကာ လုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှု ကောင်းမွန်သည့် ကျောင်းများကို အသိအမှတ်ပြုဆုများ ပေးအပ်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များရှိ အားကစားပြိုင်ပွဲများတွင် အား/ကာသိပ္ပံကျောင်းများမှ အားကစားသမားများ၏ နှစ်အလိုက် ဆုရရှိမှုအခြေအနေများကိုလည်း ဆန်းစစ်သွားရမည်ဖြစ်ပါကြောင်း၊ အားကစားသိပ္ပံဘွဲ့(B.Sc (Sports) သင်တန်းများမှ နှစ်အလိုက် အောင်မြင်သူများနှင့် နောက်ဆုံးနှစ်အောင်မြင်သူများကို Focus Group Discussion ပြုလုပ်၍ အားနည်းချက်များ ဖော်ထုတ်ကာ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အားကစားအောင်နိုင်ရေးအတွက် သာမက ပြည်သူများ ကျန်းမာသန်စွမ်းရေးလုပ်ငန်းများကိုလည်း ဦးစားပေးသတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးငယ်များ အားကစားလှုပ်ရှားလေ့ကျင့်ခြင်း၊ အာဟာရဖွံ့ဖြိုးရေးနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ပိုမိုကောင်းမွန်တိုးတက်ရေး နှီးနှောဆွေးနွေး ဖလှယ်ပွဲကြီး တစ်ခုကိုလည်း မကြာမီ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Outdoor Fitness Equipment များ တပ်ဆင်ထားရှိရာတွင် ပြည်သူများ ပိုမိုအသုံးပြု အားကစားလေ့ကျင့်နိုင်ရန်အတွက် အရိပ်ရ၍ သက်တောင့်သက်သာ အားကစားပြုလုပ်နိုင်မည့် နေရာများတွင်သာ ရွေးချယ်တပ်ဆင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊Healthy Myanmar Seminar( Exercise is Medicine) နှင့်National Sports Seminar တို့မှ ဆွေးနွေးအကြံပြုချက်များနှင့် လုပ်ဆောင်ရန် အချက်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးများထံ တင်ပြဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ အားကစားလောကကြီး တစ်ခုလုံး ပိုမိုတိုးတက်စေရန် လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။