နေပြည်တော်၊ မေလ(၂၆)ရက်။
၂ဝ၁၉ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၁၁)ကြိမ် မြောက် အာဆီယံကျောင်းသား အားကစားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် (ပြေးခုန်ပစ်၊ စားပွဲတင် တင်းနစ်၊ ကြက်တောင်၊ တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ရေကူး) အားကစားနည်းများ လူရွေးချယ်ပွဲ ဒုတိယနေ့ကို ယနေ့နံနက် (၇)နာရီမှ စတင်ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနည်းအလိုက် အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ ကြည့်ရှု အားပေးခဲ့ကြပါသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်သော ပြေးခုန်ပစ်အားကစားနည်း လူရွေးချယ်ပွဲကျင်းပနေပုံများကိုလည်းကောင်း၊ နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း Cluster (3)၌ ကျင်းပပြုလုပ်သော စားပွဲတင်တင်းနစ်အားကစားနည်း လူရွေးချယ်ပွဲ ကျင်းပနေပုံများကိုလည်းကောင်း၊ TC(1) ပိုက်ကျော်ခြင်းရုံ၌ ကျင်းပပြုလုပ်သော ပိုက်ကျော်ခြင်း အားကစားနည်း လူရွေးချယ်ပွဲ ကျင်းပနေပုံများကို လည်းကောင်း၊ TC(1) တင်းနစ်ရုံ၌ ကျင်းပပြုလုပ်သော တင်းနစ်အားကစားနည်း လူရွေးချယ်ပွဲ ကျင်းပနေပုံများကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပပြုလုပ်သော ရေကူးအားကစားနည်း လူရွေးချယ်ပွဲ ကျင်းပနေပုံ များကိုလည်းကောင်း ယှဉ်ပြိုင်နေသော အားကစားသမား များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရှိရပါသည်။