နေပြည်တော်၊ မေလ (၃ဝ) ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးလုပ်ငန်းဆောင်ရွက်မှု အမျိုးသားအဆင့်ဌာနကြီး၏ အကြံပေးဘုတ်အဖွဲ့ (Advisory Board for E_ercise is Medicine (EIM) Myanmar National Center) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် -ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းဖြင့် ယခုထက်ပိုမိုကျန်းမာသန်စွမ်းရေးအတွက် ''ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး (Exercise is Medicine)'' နှီးနှောဆွေးနွေးဖလှယ်ပွဲကို (၂ဝ၁၇) ခုနှစ်၊ အောက်တိုဘာလအတွင်း၌ ကျင်းပခဲ့ပြီး ရရှိခဲ့သော အကြံပြုရလဒ်များကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ရာ နိုင်ငံတော်သမ္မတရုံးမှ အကြံပြုချက် လုပ်ငန်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာ လူမှုရေးဝန်ကြီးများက ဥက္ကဌတာဝန်နှင့် တိုင်းဒေသကြီး/ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများက အတွင်းရေးမှူး တာဝန်ယူဆောင်ရွက်သွားရန် ညွှန်ကြားခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြေညာစာအမှတ် (၄၆/၂ဝ၁၉) ဖြင့် Advisory Board for Exercise is Medicine (EIM) Myanmar National Centerအား အတည်ပြု ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ငန်းများ ဆောင်ရွက်ခြင်းမှ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် (၉.၅)သန်းခန့်ရှိသော ကျောင်းသား/ကျောင်းသူ လူငယ်များနှင့် ပြည်သူများအားလုံးတွင် ကျန်းမာ သန်စွမ်းမှု ယခုထက်ပိုမိုရရှိလာကာ အားကစားစွမ်းရည်များ တိုးတက်လာရာမှတဆင့် အစွမ်းအစရှိသော အားကစားသမားကောင်းများ ပိုမိုထွက်ပေါ်လာပြီး အားကစားအောင်မြင်မှု များ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရန်အတွက် မဟာဗျူဟာလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရာတွင် ရင်းနှီးအသုံးပြုရမည့် ဘဏ္ဍာငွေနှင့် လူ့စွမ်းအားအပါအဝင် အရင်းအမြစ်များကို အကျိုးရှိ ထိရောက်စွာ အသုံးပြုသွားရန်မှာ အထူးအရေးကြီးပါကြောင်း၊ ပြည်သူများ ပိုမိုကျန်းမာခြင်းအားဖြင့် မကူးစက်တတ်သော ရောဂါများအပါအဝင် နာမကျန်းမှုများကို စစ်ဆေးစမ်းသပ်ကုသရသည့် ဘဏ္ဍာငွေစရိတ်များ လျော့နည်းကာ အခြားကျန်းမာရေး ကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးများတွင် ပိုမိုရင်းနှီးမြှုပ်နှံ နိုင်မည်ဖြစ်ပြီး နိုင်ငံ၏ လူမှုစီးပွားတိုးတက်မှုကို များစွာ အထောက်အကူ ဖြစ်စေမည်ဖြစ်ပါကြောင်း၊ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး ''နှီးနှောဆွေးနွေးဖလှယ်ပွဲ၊ အမျိုးသားအဆင့် အားကစားဆိုင်ရာ နှီးနှောဆွေးနွေးဖလှယ်ပွဲ'' နှင့် ''မနက်ဖြန်တိုင်း ကျန်းမာဖျတ်လတ်သော ပြည်သူများဖြစ်စေဖို့ ယနေ့ ကာယပညာမြှင့်တင်ကြပါစို့'' နှီးနှောဆွေးနွေးဖလှယ်ပွဲများမှ ထွက်ပေါ်လာသော အကြံပြုချက်ရလဒ်များကို ပေါင်းစပ်၍ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ လူမှုရေးဝန်ကြီးများက ဦးဆောင်၍ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူး၊ ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးများနှင့် အားကစားမှူးများမှ ဦးစားပေး ဆောင်ရွက်သင့်သည်များကို ဘက်ပေါင်းစုံမှပူးပေါင်း ဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် အသက်အရွယ်မရွေးတစ်ဦးချင်းအလိုက် နေရာကျဉ်းကျဉ်းတွင်ပင် လေ့ကျင့်နိုင်သည့် ကိုယ်လက် လှုပ်ရှားအားကစားမျိုးကို ပြည်သူများအတွင်းကျယ်ကျယ်ပြန့်ပြန့် သိရှိလေ့ကျင့်နိုင်ရန်ကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အားကစားကဏ္ဍ ပိုမိုစနစ်တကျဖွံ့ဖြိုး တိုးတက်ရေးအတွက် အားကစားဥပဒေ ပေါ်ပေါက်လာရေကိုလည်း ဝိုင်းဝန်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူများအတွက် အိမ်ပြင်ပအားကစားလေ့ကျင့်မှု အထောက်အကူပြုပစ္စည်း ((Outdoor Fitness Equipment) (၁၁၂၇) ခု တပ်ဆင်ထားရှိရာတွင်လည်း တပ်ဆင်ထားရှိမည့်နေရာမှာ အလွန်အရေးကြီ ပြီး ၎င်းတို့ကိုအသုံးပြုမှု အခြေအနေများကို ဆန်းစစ်ရန်အတွက် အသုံးချ သုတေသနများကို ပြုလုပ်သွား စေလိုပါကြောင်း၊ အခြေခံပညာကျောင်းများတွင် အတန်းရမှတ်များ၌ အားကစားလေ့ကျင့်မှုနှင့် အားကစား ထူးချွန်မှု ရမှတ်များကိုပါ ထည့်သွင်းပေးရန်အတွက် ဝိုင်းဝန်းစဉ်းစား ပေးရန်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျင်းပသည့် ကျန်းမာရေးဆိုင်ရာ အထိမ်းအမှတ်နေ့များတွင်လည်း စုပေါင်းလမ်းလျှောက်ပွဲ၊ စက်ဘီးစီးပွဲတို့ကဲ့သို့ ကိုယ်လက်လှုပ်ရှားမှု အစီအစဉ်များပိုမို ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ခြင်းဖြင့် ခန္ဓာကိုယ်ကြွက်သား နှင့် အရိုးများသန်မာစေမှု၊ အဆုတ် နှင့် နှလုံးအားကောင်းမှု၊ ဇီဝကမ္မဖြစ်စဉ်များ ကောင်းမွန်စေမှု၊ ဉာဏ်ရည်ပိုမိုဖွံ့ ဖြိုးစေမှုအစရှိသည့် အကျိုးကျေးဇူးများကိုလည်း စာအုပ်ပြုစု၍ နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများထံ ဖြန့်ဝေသွားရမည်ဖြစ်ပါကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်မှု (Fitness Dance)များကို ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများထံ နည်းပြများစေလွှတ်သင်ကြားပေးလျက်ရှိခြင်းကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်မှုများ ပိုမိုဆောင်ရွက်သွားနိုင်ရေး ဝိုင်းဝန်း စီစဉ်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ဒီဇင်ဘာလ အားကစားလှုပ်ရှားမှုများလည်း ယခုထက် ပိုမိုပီပြင်အောင်မြင်စေရန် ဆောင်ရွက်သွား ရမည် ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးမှ အကြံပြုရလဒ်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားရန်အတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး လုပ်ငန်းဆောင်ရွက်မှု အမျိုးသားအဆင့်ဌာနကြီး၏ အကြံပေးဘုတ် အဖွဲ့ဝင်၊ ကိုယ်လက်လပ်ရှားဆေးတစ်ပါး လုပ်ငန်းဆောင်ရွက်မှု အမျိုးသားအဆင့် ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီဥက္ကဌ၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ မြန်မာနိုင်ငံတွင် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး လုပ်ငန်းဆောင်ရွက်မှုအစပြု ပေါ်ပေါက်လာပုံကို ရှင်းလင်းတင်ပြခဲ့ပြီး အတွင်းရေးမှူး ဒေါက်တာရဲတင့်လွင်မှ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး လုပ်ငန်းဆောင်ရွက်မှု အမျိုးသားအဆင့်ဌာနကြီးနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဘုတ်အဖွဲ့ဝင်များက အကြံပြု ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဌဒေါက်တာစံရွှေဝင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန) ဒေါက်တာတင်တင်လေး၊ ညွှန်ကြားရေးမှူးချုပ် (ဆေးသုတေသနဦးစီးဌာန) ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ ညွှန်ကြားရေးမှူးချုပ် (အားကစားနှင့်ကာယပညာဦးစီးဌာန) ဦးမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (အဆင့်မြင့်ပညာဦးစီးဌာန) ဒေါက်တာသိန်းဝင်း၊ ညွှန်ကြားရေးမှူးချုပ် (နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန) ဒေါက်တာအေးမြင့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဆွေဆွေနိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်း အတွင်းဝန် (အားကစား) ဦးမြသန်းထိုက်၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာကျော့ဆန်းလွင်၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဥက္ကဌဒေါက်တာရဲမြ၊ ဘုတ်အဖွဲ့ဝင်များ၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။