နေပြည်တော် ၊ ဇွန်လ(၅) ရက်။
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ် လျက်ရှိရာ ယနေ့နံနက် (၉:ဝဝ)နာရီအချိန်မှ စတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ဗိုဗီနမ် အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
စီအစဉ်အရ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်း နေရာယူပြီးနောက် ဒုတိယဝန်ကြီးမှ အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲကို ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်မှာ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဗိုဗီနမ်အားကစားနည်း တိုးတက်ပြန့်ပွားစေလိုကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ် အားကစားသမားများ ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိရေး၊ ဗိုဗီနမ်အားကစားနည်းသည် (၂၇)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မတိုင်မီ အချိန်ကသာ မြန်မာနိုင်ငံကို ရောက်ရှိလာသည့် အားကစားနည်းဖြစ်ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံ၏ ရိုးရာကိုယ်ခံ အားကစားနည်းဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှနှင့် ဥရောပအဆင့် ပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပနေသော အားကစားနည်း တစ်ခုလည်းဖြစ်ပါကြောင်း၊ ဗိုဗီနမ်အားကစားနည်းသည် မြန်မာ့ရိုးရာသိုင်းပညာ၏ ဟန်ပန်များနှင့် ရာခိုင်နှုန်းတော်တော်များများ တူညီပါကြောင်း၊ သို့ဖြစ်ပါ၍ ဗိုဗီနမ်အားကစားနည်းကို မြန်မာ့သိုင်းအဖွဲ့ချုပ်၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ်ကို ဖွဲ့စည်းပြီး ဗီယက်နမ်နိုင်ငံသို့ လေ့လာရေးခရီး စေလွှတ်ပြီး မြန်မာ့သိုင်းမှ အားကစားသမားများကို ရွေးချယ်၍ဗီယက်နမ်နိုင်ငံမှ နည်းပြများ၏ အကူအညီဖြင့် လေ့ကျင့်သင်ကြားစေခြင်းတို့ဖြင့် ဗိုဗီနမ်အားကစားနည်း အဆင့်အတန်းကို တိုးမြှင့်ပေးခဲ့ပါကြောင်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိပြီး အောင်မြင်မှုများရရှိခဲ့ပါကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ် အသီးသီးတွင် ဗိုဗီနမ်အားကစားနည်းကို စဉ်ဆက်မပြတ် ပိုမိုတိုးတက်အောင်မြင်စေရန် ဝိုင်းဝန်း ကြိုးစားကြစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲကို ၂ဝ၁၆ ခုနှစ်မှစ၍ ကျင်းပပေးခဲ့ရာ ယခုနှစ်မှာ တတိယမြောက်ကို ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စိတ်ပါဝင်စားစွာဖြင့် အားတက်သရော ဝင်ရောက်ယှဉ်ပြိုင်ကြသည့်အတွက်လည်း မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ပြောကြားပါသည်။
ဆက်လက်၍ အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီးနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံ နှုတ်ဆက်ခဲ့ကြပါသည်။
နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အတိုက်ပြိုင်ပွဲ အုပ်စုပွဲစဉ်များ၊ တစ်ကိုယ်တော် အပြပြိုင်ပွဲများ၊ တစ်ဦးချင်းအတိုက် ကီလိုတန်း ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ အဆိုပါပြိုင်ပွဲများအား ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း(၁၁)သင်း၊ အားကစားသမား စုစုပေါင်း (၁၅ဝ)ဦးတို့သည် ဇွန်လ(၅)ရက်နေ့မှ ဇွန်လ(၇)ရက်နေ့ထိ ဝဏ္ဏသိဒ္ဓိအားကစား(C)ရုံတွင် နေ့စဉ်နံနက်(၉:ဝဝ)နာရီမှစ၍ အမျိုးသား/အမျိုးသမီး အုပ်စုပတ်လည် ပွဲစဉ်များကို စတင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် ဗိုဗီနမ်အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။