skip to content
နေပြည်တော်၊ ဇူလိုင်(၈)ရက်။  
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားဆေးဘက်ဌာနခွဲ စားရိပ်သာဆိုင်ရာလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက် (၈:၃၀)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပပြုလုပ်ရာမြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ အားကစားဆေးဘက်ဌာနခွဲမှတာ၀န်ရှိသူများ၊ သင်ကြားပို့ချပေးသော သင်တန်းနည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။
 
 
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ အဓိကတာ၀န်များဖြစ်သော တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အဆင့်မြင့်မားစွာပါ၀င်ယှဉ်ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှမှအာရှ၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်ထိ တက်လှမ်းနိုင်အောင်ကြိုးပမ်းရေးတို့ကိုဆောင်ရွက်ရာတွင် လက်ရွေးစင်အားကစားသမားများအား ချက်ပြုတ်တည်ခင်းရေးကိုတာ၀န်ယူထားရသည့် စားရိပ်သာများ၏အခန်းကဏ္ဍသည်လည်း လွန်စွာအရေးကြီးကြောင်း၊ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်၀မျှတရုံသာမက စားချင်စဖွယ် အနံ့အရသာနှင့်ပြည့်စုံစေရေး၊ စားရိပ်သာတစ်ခုတွင် လုပ်ငန်းတာ၀န်များထမ်းဆောင်နေကြသည့် ၀န်ထမ်းများ၏အရေးပါမှုမှာအလွန်အရေးကြီးကြောင်း၊ စားရိပ်သာ၀န်ထမ်းများ၏  လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန် ယခုကဲ့သို့ သင်တန်းများပေါ်ပေါက်လာရခြင်းဖြစ်ပါကြောင်း၊ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းနှင့် အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းများ၏ စားရိပ်သာ၀န်ထမ်းများသည် ချက်ပြုတ်ရေးတို့အတွက် လိုအပ်သည့်ကုန်ကြမ်းများအား တွက်ချက်၀ယ်ယူခြင်းသိုလှောင်သိမ်းဆည်းခြင်း၊ မီးဖိုချောင်သုံးပစ္စည်းကိရိယာများအား နည်းစနစ်တကျအသုံးပြုခြင်း၊ အစားအသောက်ဘေးကင်းလုံခြုံရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိ၍ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်စေရန်၊ အစားအသောက်များတွင်ပါ၀င်သော အာဟာရဓါတ်များအကြောင်း နားလည်သဘောပေါက်ပြီး အာဟာရပြည့်၀သော အစားအသောက်များကို ပြင်ဆင်ချက်ပြုတ်တက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ အစားအသောက်ဆိုင်ရာ၀န်ဆောင်မှုလုပ်ငန်းများစီမံခန့်ခွဲခြင်း၏ အခြေခံသဘောတရားများနှင့် ဟင်းလျာစာရင်းပြင်ဆင်ရေးဆွဲခြင်း Basics Of Food Service Management and Menu Planning၊ အစားအသောက်ဘေးကင်းလုံခြုံရေး (Food Safety)၊ အစာအုပ်စုများနှင့် အာဟာရဓါတ်ဆိုင်ရာ အခြေခံသဘောတရားများ(Food Safety)တို့ကို သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စနစ်တကျတက်ကျွမ်းအောင် လေ့လာသင်ယူစေလိုပါကြောင်း၊ စားရိပ်သာတာ၀န်ခံများ စာရိပ်သာ၀န်ထမ်းများအနေဖြင့် ဤသင်တန်းပြီးဆုံး၍ မိမိတို့လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိပါက သင်တန်း၌သင်ကြားခဲ့သည့်အတိုင်း စနစ်တကျဆောင်ရွက်စေလိုပါကြောင်း၊ မြန်မာ့အားကစားတိုးတက်မြင့်မားရေးနှင့် အားကစားသမားများ အောင်မြင်မှုရရှိစေရန် စားသောက်မှုပုံစံများနှင့် ပတ်သက်၍ စနစ်တကျပံ့ပိုးနိုင်မည့် နိုင်ငံ့၀န်ထမ်းကောင်းများဖြစ်အောင် ကြိုးစားသင်ယူကြပါရန်မှာကြားခဲ့ကြောင်း သိရှိရသည်။
 
 
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်များပေးအပ်ချီးမြှင့်ရာ သင်တန်းဆရာများကိုယ်စား သင်္ဂဟဟိုတယ်မှ (Food Safety) ဆရာဦးမြင့်နိုင်မှ လက်ခံရယူခဲ့ပါသည်။
ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်နှင့် တာ၀န်ရှိသူများ၊ သင်တန်းသားသင်တန်းသူများသည် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
 
အဆိုပါ သင်တန်းကို (၈.၇.၂၀၁၉) ရက်နေ့မှ (၁၂.၇.၂၀၁၉) ရက်နေ့အထိ သင်တန်းသား (၁၃)ဦး၊ သင်တန်းသူ (၁၃)ဦး၊ စုစုပေါင်း (၂၆)ဦးဖြင့် တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
 

back to top Eng